စူပါမော်ဒယ်လ် သန္တာလှိုင်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး ရေကြည်အိုင်စစ်ကြောရေးစ ခန်းကို ခေါ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သူဟာ နိုဝင်ဘာ ၁၄ ရက်က မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နဲ့ ရန်ကုန်ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို သွားရောက်ဖို့ လေဆိပ်ကို ရောက်ရှိလာချိန်မှာပဲ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
သန္တာလှိုင်ကိုတော့ ပြီးခဲ့တဲ့ ဧပြီလကတည်းက အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က)နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကတော့ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် အရေးယူခံထားရတဲ့ အနုပညာရှင် ၂၄ ယောက်နဲ့ အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာ လူသိများသူ ၁၀ ယောက်တို့ကို အမှုပိတ်သိမ်းကြောင်း ကြေညာခဲ့ပေမယ့် အဲဒီစာရင်းထဲမှာ သန္တာလှိုင် ပါ၊ မပါကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အကြမ်းဖက်စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကတည်းက စတင်ကာ အမှန်တရားဘက်က ရပ်တည်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ထင်ရှားကျော်ကြားသူတွေ၊ အနုပညာရှင်တွေအပါအဝင် ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်တာတွေကို ဆက်တိုက်လုပ်ဆောင်လာနေခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အကြမ်းဖက်စစ်အုပ်စုက ထင်ရှားတဲ့အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ မင်းသားရဲတိုက်၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်၊ ပိုပို စသူတွေကို အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း တရားစွဲခံထားရပါတယ်။