မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်နဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟီဆာဆာကာဝါနဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်မှာ တွေ့ဆုံပါတယ်။
တွေ့ဆုံရာမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေနဲ့ ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ဂျပန် အစိုးရရဲ့ အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနဲ့အတူ နီပွန်ဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ယူဂျီမိုရီနဲ့ အဖွဲ့ဝင်တွေလည်း လိုက်ပါလာတာဖြစ်ပါတယ်။
နီပွန်ဖောင်ဒေးရှင်းဟာ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်ရေး တိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့ တွေနဲ့လည်း သွားရောက်တွေ့ဆုံ ကြားဝင်ညှိနှိုင်းကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါဟာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ရွေးကောက်ပွဲ ရွေ့ဆိုင်းထားတဲ့ ရခိုင်ပြည်နယ်ကမြို့နယ်တချို့ကို သွားရောက်ခဲ့ပြီး ရခိုင်နိုင်ငံရေးပါတီတွေနဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။
အခု ခရီးစဉ်မှာတော့ ဖမ်းဆီးခံနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ခြင်းမရှိသလို ဘယ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်ဆိုတာတော့မသိရသေးပါဘူး။
PHOTO-MOI