မကွေးတိုင်း၊ ရေစကြိုမြို့ ရေလယ်ကျွန်းဒေသတွေမှာ ရေကျချိန် စစ်ကောင်စီကို ဆက်ကြေးပေးပြီး ရွှေမျော လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာကြောင့် ရေတက်ချိန်မှာ ကမ်းပြိုမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေမျောလုပ်ငန်းလုပ်ကိုင်နေသူတွေဟာ စစ်ကောင်စီကို ငွေကြေးပေးပြီး ဧရာဝတီနဲ့ ချင်းတွင်း မြစ်ဆုံရာနေရာတွေမှာ လုပ်ကိုင်နေကြတာကြောင့် ကမ်းပြိုကျမှုတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြိုဒေသခံတစ်ဦးက “ရွှေမျောလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်စေတယ်။ ရေလယ်ကျွန်းဒေသရဲ့ ကမ်းပြိုမှု အန္တရာယ်ကို ကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်။ ရေလယ်ကျွန်းဒေသတွေအနေနဲ့ သည်လုပ်ငန်းတွေကို ဖျက်သိမ်း ရပ်နားဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေး ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ ရွှေမျောလုပ်ငန်းတွေတင်မကဘူး။ ဒီမြစ်ဆုံဒေသမှာဆိုရင် ကျောက်၊ ခဲ၊ သဲ ထုတ်လုပ်တဲ့ လုပ်ငန်းတွေလည်း လုပ်ကိုင်နေကြတာတွေ ရှိတယ်။ ဒါတွေက မြစ်ရေ ရေတက်ချိန်မှာ ရေကြောင်းပြောင်းတာတွေ ကမ်းပြိုတာတွေ ဖြစ်နိုင်လို့ ကျေးရွာ လူထုကတော့ မကြိုက်ကြဘူး။ ကမ်းပြိုရင် နေအိမ်တွေ ဖြိုဖျက်ရတယ်။ ရွှေ့ပြောင်းရတယ်။ နေစရာလည်း ပျောက်သလို ဆင်းရဲဒုက္ခလည်း ကြီးပါတယ်”လို့ ပြောပါတယ်။
ဒေသခံ PDF အဖွဲ့တွေက ရေလယ်ကျွန်းဒေသ သဲသောင်ပြင်မှာ ရွှေမျောလုပ်ငန်း လုပ်ကိုင်နေကြတဲ့ သူတွေကို သက်ညှာထောက်ထားတဲ့အနေနဲ့ နိုဝင်ဘာလကုန်အထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁ ရက်က စတင်ပြီး လုပ်ငန်းအားလုံးကို ဖျက်သိမ်းသွားရမှာဖြစ်ပြီးတော့ မဖျက်သိမ်းပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဆောင်ရွက်သင့်တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။