မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မှာ နာမည်ကြီးနေတဲ့ လောင်းကစားဝိုင်းကို နိုဝင်ဘာ ၁၂ ရက်နေ့မနက်က ဗုံးပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မင်းဝံနဲ့ ညောင်ဝန်းရွာကြားက နာမည်ကြီးနေတဲ့ လောင်းကစားဝိုင်း ဗုံးပစ်ခံရတာပါ။ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။
ဘုရားပွဲကို အကြောင်းပြပြီး မင်းဝံကျေးရွာနဲ့ ညောင်ဝန်းကျေးရွာကြားမှာ လောင်းကစားဝိုင်းအကြီးအကျယ် ပြုလုပ်နေတဲ့ အဖွဲ့ကို သတိပေးတဲ့အနေနဲ့ ဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး ဆက်လက်လောင်းကစားဝိုင်းပြုလုပ်နေပါက ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်လို့ ကျောက်ဆည် နဂါးနီ ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မင်းဝံရွာက ဇော်မင်းထိုက်နဲ့ ရဲဆွေတို့ဟာ ဘုရားပွဲ အကြောင်းပြပြီး လောင်းကစားပွဲတွေ အကြီးအကျယ် ပြုလုပ်နေသလို စစ်တပ်သတင်းပေး ဒလန်များလည်း ဖြစ်ကြောင်း၊ အခုလို သတိပေးဖောက်ခွဲမှုမှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်ပြီး ဖောက်ခွဲမှုကို ကျောက်ဆည်မြေပြင်တိုက်ခိုက်ရေးအဖွဲ့များဖြစ်တဲ့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ နဲ့ Dragon Kyaukes Defense Force - DKDF တို့က ပူးပေါင်းလုပ်ဆောင်တာလို့ ဆိုပါတယ်။