မကြာခင်ရက်ပိုင်းအတွင်းကပဲ Karenni Generation Z ဆီကို လွိုင်ကော်အခြေစိုက် စစ်ကောင်စီ ဆေးတပ်က ရဲဘော်တဦး လက်နက် အပြည့်အစုံနဲ့ သွားရောက်ပူးပေါင်းခဲ့ပါတယ်။ သူကတော့ တပ်မတော် ဆေးတပ်ရင်း (တဆရ) ၇/၁၀၀ ရဲဘော် ဝေလျံဖြစ်ပြီး သူ့ကို Karenni Generation Zက ချီးမြှင့်ငွေ သိန်း ၃၀ ချီးမြှင့်ပြီး လက်ခံခဲ့ပါတယ်။
သူကိုယ်တိုင်ကလည်း အဲဒီချီးမြှင့်ငွေထဲက ၁၀ သိန်းကို Karenni Generation Zအဖွံထံ ပြန်လည်လှူဒါန်းခဲ့ပြီး အဲဒီအဖွဲ့ထဲကနေပဲ စစ်ကောင်စီကို ပြန်လည်တွန်းလှန်မယ်လို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ရဲဘော်ဝေလျံက ပြောပါတယ်။
မေး။ ဘာကြောင့် CDM လုပ်ပြီး ကရင်နီ Generation Z နဲ့ လာရောက်ပူးပေါင်းရတာလဲ။
ဖြေ။ “ဘယ်လိုပြောရမလဲ ကျနော်က အနိုင်ကျင့်တာ တရားမမျှတတော့ဘူးလို့ထင်လာတယ်။ လူလူချင်းခွဲခြားဆက်ဆံတာ။ တအားခွဲခြားတယ်လေ။ လူကိုလူလိုမမြင်ဘူး။ လူလူချင်း အဆင့်အတန်း တအားခွဲခြား ဆက်ဆံတယ်။ သူတို့ဘက်ပဲ သူတို့ကြည့်တော့တယ်။ ဒီဘက်အောက်ခြေဘက် တချက်မှ ပြန်မကြည့်တော့ဘူး။ သူတို့လုံခြုံရေးအတွက်ပဲ သူတို့ကြည့်တော့တယ် အောက်ခြေကို တချက်မှ ပြန်မကြည့်တော့ဘူးပေါ့။ ”
မေး- ဆိုတော့ ဒီ CDM မှာ ပါဝင်လာဖို့ ကရင်နီ Generation Z အဖွဲ့နဲ့ ဘယ်လိုဆက်သွယ်ခဲ့လဲ။ ဘယ်လို အခက်အခဲ တွေရှိခဲ့လဲ။
ဖြေ။ “ အခက်အခဲက အများကြီးရှိတာပေါ့နော်။ ဒီဘက်အဖွဲ့မှာကလည်း ငယ်သူငယ်ချင်းရှိတာပေါ့။ အဲတော့ကျနော့်သူငယ်ချင်းနဲ့အဆက်အသွယ်ရှိတယ်လေ။ အဖွဲ့တွေအများကြီးရှိတဲ့အထဲမှာ ကျနော် လိုက်လေ့လာပြီးတော့ KGZ က တိုက်ရည်ခိုက်ရည်လည်းရှိတယ်။ နာမည်ကောင်းလည်းရှိတယ်။ အဲဒါနဲ့ ကျနော့် သူငယ်ချင်းလည်း ဒီကိုရောက်တာနဲ့ ကျနော့်သူငယ်ချင်းကို အကူအညီလှမ်းတောင်းတာ။ အခက်အခဲတွေတော့ အများကြီးရှိတာပေါ့။ တော်ရုံလူဆိုရင်လာမခေါ်ရဲဘူး။ အခုက ငယ်သူငယ်ချင်းလည်းဖြစ်တော့ ဆေးတပ်ရင်း ဆေးတပ် အုတ်တံတိုင်းနားအထိ လာခေါ်တယ်။ တော်တော်ကျေးဇူးတင်ရမှာပေါ့။ သူ့ကို။ ”
မေး။ ကရင်နီ Generation Z အဖွဲ့အနေနဲ့ ဒီလို လက်နက်တွေနဲ့ ဝင်လာရင် ဘယ်လိုဆုချီးမြှင့်မယ်၊ ဘယ်လိုအကာကွယ်ပေးမယ်ဆိုတာ ထုတ်ပြန်ထားတယ်။ သူတို့ ပြောတဲ့အတိုင်းတဲ့အတိုင်းကော လုံခြုံမှုတွေ ပေးလား၊ ဆုတွေရလား ပြောပြပေးပါဦး။
ဖြေ။ “ကျနော်လည်း အဲလိုမျိုးအဓိက ထားပြီးဝင်တာမဟုတ်ဘူးပေါ့။ ဘယ်လိုပြောမလဲ ဒီမတရားခံနေရတာကြီးကို ဒီတိုင်း ကြည်မနေနိုင်တော့ဘူးလေ။ နောက် ပြန်ပြီးတော့ တိုက်မယ်။ အဲလိုစိတ်ပဲရှိတယ်။ ဒီမှာ ဘယ်လောက်ပေးလဲ၊ လက်နက်ပါလာရင် ဘယ်လောက်ပေးမယ်ဆိုတာကို မျှော်လင့်ပြီးတော့ ဝင်တာလည်းမရှိဘူး။ ကျနော်ဒီလိုလုပ်မယ်ဆိုတာ ဒီအဖွဲ့အစည်းကမသိဘူး။ ကမ်းလှမ်းခဲ့တာလည်းမရှိခဲ့ဘူးပေါ့။ သေနတ်တွေဘာတွေ ပါလာရင် သိန်း ၃၀ ပေးမယ် အဲလိုမျိုးကြီး ပြောတာလဲမရှိဘူးပေါ့။ ကျနော် သူငယ်ချင်းနဲ့ပဲ ကျနော်အဆက်အသွယ်ရှိတယ်။ ပြီးတော့ ပိုက်ဆံကြောင့် ဒီလိုဝင်တာမဟုတ်ဘူး။ ကျနော် ပြန်ပြီးတော့ တိုက်လိုက်မယ်ဗျာ။ ဒီဘက်အဖွဲ့နဲ့ ပေါင်းပြီးတော့ပေါ့။ ဒီက ဘော်ဒါတွေနဲ့ပေါင်းပြီးတော့ တိုက်မယ် အဲလိုရည်ရွယ်ချက်ပဲရှိတယ်။ ”
မေး။ ဘာဖြစ်လို ဒီလိုတော်လှန်ဖို့လမ်းကို ပြန်ရွေးရတာလဲ။
ဖြေ။ “ ဘယ်လိုပြောမလဲ၊ မတရားလုပ်တာခံနေရတယ်။ ဥပမာ ကျနော်တို ပြည်တွင်းစစ်မှာဆိုရင် ဒီရဟတ်ယာဉ်တို့ ဘာတို့ သုံးပိုင်ခွင့်မရှိဘူး။ ဒါ တပ်မတော်ရဲ့ တရားဝင် ပြဋ္ဌာန်းချက် စည်းမျည်းစည်းကမ်းပေါ့။ ပြည်တွင်းစစ်ဖြစ်ရင် လက်နက်ကြီးထုတ်သုံးပိုင်ခွင့်ကိုမရှိဘူး။ အခုက မတရားဘူးလေ။ လက်နက်အင်အားမမျှတော့ သူတို့ နည်းနည်းခံရပြီဆိုရင် ရဟတ်ယာဉ်သုံးတယ်။ လေယာဉ်သုံးပြီး ပစ်တယ်။ သူတို့လုပ်လို့ရတဲ့ ပုံစံနဲ့ လုပ်နေကြတာဆိုတော့ ကျနော်လည်း ဒီဘက်နေပြန်ပြီးတော့ ဘယ်ပဲဖြစ်ဖြစ် ပြန်ပြီး တွန်းလှန်မယ်။ တပ်မတော် အမြစ်ပြတ်တဲ့အထိ ကျနော် ပြန်ပြီးတော့ တွန်းလှန်မယ်။ ”
မေး။ အာဏာသိမ်းပြီးချိန်ကတည်းက ဒီကနေ့အထိ တပ်မတော်အတွင်းမှာနေခဲ့တာဆိုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေက လမ်းပေါ်ထွက်ဆန္ဒပြတာတွေဖြစ်လာတယ်။ နောက်ပိုင်း ဖြိုခွင်းမှုတွေ ဖြစ်လာတယ်။ အဲဒီအချိန် အစ်ကိုတို့အနေနဲ့ တပ်တွင်းမှာရှိနေတာဆိုတာ့ အထက်က ဘယ်လိုအမိန့်ပေးပြီးလုပ်ဆောင်ရတာမျိုးတွေ၊ သတင်းတွေမဖတ်ရဘဲနဲ့ အဲလို ပိတ်ပင်တာမျိုးတွေ ရှိလား။
ဖြေ။ “ ရှိတယ်။ ရှိတယ်ဆိုတာ အာဏာစသိမ်းတုန်းက ကျနော်က ဒီမှာမဟုတ်ဘူး။ ရန်ကုန်မှာပေါ့။ ကျနော်က တပ်မ ၇၇ ပေါ့။ တပ်မ ၇၇ ကနေပြီးတော့ ပြောင်းလာတယ်ဆိုတော့ သူက တပ်မ ၇၇ ကို အာဏာမသိမ်းခင် ၃ ရက်အလိုမှာ ရန်ကုန်ကိုပို့တယ်ပေါ့။ ရန်ကုန်ရောက်ပြီးမှ မနက် ၂ နာရီမှာ စပြီး အာဏာသိမ်းလိုက်ပြီဆိုတာ စပြီးကြေညာတယ်။ အဲဒီကျမှ ကျနော်တို့လည်း အဲဒီကျမှ ရန်ကုန်ရောက်မှ သိတာပေါ့။ အစက ဒီလိုဒီလို လုပ်မယ်ဆိုတာ ဘယ်သူ့မှ မပြောပြဘူး။ ရန်ကုန်ကိုသွားပို့လိုက်မယ် ဘာအကြောင်းအရင်းနဲ့ ပို့လိုက်မှန်းမသိဘူး။ အဲဒီအချိန်အထိ မသိသေးဘူးပေါ့။ ရန်ကုန်ရောက်ပြီး မနက် ၂ နာရီကျမှ အာဏာသိမ်းတာကြေညာတယ်။ ပြီးတော့ ဒီလို လွတ်လွတ်လပ်လပ် လမ်းပေါ်မှာ ဆန္ဒပြနေတာကို လိုက်ပြီး လုံခြုံရေးယူရသေးတာပေါ့ အစကတော့။ မင်းအောင်လှိုင်ရဲ့ ကတိပေးတာကတော့ ကျည်စစ်ကျည်မှန် မသုံးဘူးပေါ့။ အဲအချိန်ကစပြီး ပြည်သူတွေ တဦးတယောက်မှ သွေးထွက်သံယိုမဖြစ်စေရဘူးပေါ့။ ကိုယ်တွေကို ကျည်စစ်ကျည်မှန်နဲ့ မပစ်ဖို့ ကျနော်တို့ တရားဝင်လက်မှတ်ထိုးရတယ်။ ပြီးတော့ မြောက်ဒဂုံမှာ စဖြစ်တာပေါ့နော်။ မြောက်ဒဂုံမှာ စပြီးတော့ လူစသေတာပေါ့။ လမ်းတွေ ပိတ်ပြီးတော့။ အဲဒီကနေစပြီးတော့ ပြည်သူတွေဘက်က သူတို့လည်း သူတို့ခံစားချက်နဲ့သူတို့ပေါ့။ အဲမှာ မြောက်ဒဂုံမှာစတဲ့အချိန် ရဲတွေကိုပဲ စပစ်ခိုင်းတာ။ ရဲတွေကို G3 ၊ G4 တွေနဲ့ပေါ့။ စပြီးပစ်ခိုင်းတယ်။ ပစ်တဲ့အချိန်မှာလည်း အစပိုင်းမှာတော့ ခန္ဓာကိုယ် ခါးအောက်ပိုင်းကိုပဲ ပစ်ဖို့ အမိန့်ထုတ်တယ်။ အပေါ်ပိုင်း သေစေနိုင်တဲ့နေရာကို မပစ်ဖို့ အဲလို ပြောတယ်။ ကျနော်တို့ကတော့ လုံခြုံရေးနည်းနည်းရှိန်အောင်လို့ပဲ လိုက်ပေးတဲ့သဘောပေါ့။ နောက်ပိုင်း အခြေအနေ ပိုပိုဆိုးလာတယ်။ ဒီဘက် လှိုင်သာယာဘက်တို့ အခြေအနေ ဆိုးလာတော့ သေနတ်တွေကို ပြန်လဲပေးတယ်။ တပ်တွေကို ပြန်ပြီး သေနတ်တွေ ပြန်လဲ၊ စနိုက်ပါတွေ ပြန်ယူလာတယ်။ RPG ၁၀၀ တွေ၊ ဗုံးတွေ၊ အဲလို လက်နက်ကြီးတွေ ပြန်လဲခိုင်းတယ်။ လက်နက်ငယ်တွေနဲ့။ အဲမှာစပြီး သူပေးတဲ့အမိန့်က မပစ်ရင်လည်း လုံးဝ မပစ်နဲ့ ပစ်မယ်ဆိုရင်လည်း အသေပဲပစ်၊ သေတဲ့နေရာကိုပဲ ပစ်ခိုင်းတယ်။ အဲလိုမျိုးကျတော့ တဘက်မှာလည်း အခုလိုမျိုး လက်နက်ကိုင်ပြီး ပြန်ပြီးတွန်းလှန်နေတဲ့အချိန်လည်းမဟုတ်ဘူးပေါ့။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အချိန်မှာ၊ ဘာမှ ပြန်ခုခံဖို့ လက်နက်လည်း မရှိတဲ့အချိန်၊ အဲလိုမျိုးပစ်ခိုင်းတော့ အဲမှာ ကတည်းက မတရားခံနေရတော့လည်း စိတ်က ပြည်သူဘက်ပဲ ပါတော့ မတရားဘူးပေါ့။ အဲမှာကတည်းက အသေအလဲ ပစ်ခိုင်းတာ။ ”
မေး။ ကိုယ်တိုင်ကော အဲလို ပစ်ရတာတွေရှိလား။
ဖြေ။ “ ရှိခဲ့တယ်ဗျာ။ အမှန်တိုင်း ပြောရရင် အခုချိန်ထိ ကျနော် ပြည်သူတယောက်ကို လက်နက်အားကိုးပြီး အနိုင်ကျင့်ခဲ့တာ တခါမှ မရှိခဲ့ဘူးပေါ့။ ကျနော်ကိုယ်တိုင်ကလည်းဒီထဲကို ပြောင်းလာ ဆန္ဒရှိခဲ့တယ်။ အဲဒါကြောင့်မို့ ကျနော် ဒီကယားပြည်နယ်ကို ပြန်ရောက်တော့လည်း ဒီက ဖြစ်တဲ့အဖွဲ့အစည်းနဲ့ တိုက်ပွဲ ၉ ကြိမ်ဖြစ်ဖူးတာပေါ့။ ကျနော် ဆေးဘက်ပြောင်းလာတော့။ ကျနော် ၆ လပိုင်းက ရန်ကုန် ပြန်ပြောင်းလာတယ်ပေါ့။ ရန်ကုန်ကနေပြီးတော့ ကျနော် ပြောင်းပြီး နောက်ရက် တိုက်ပွဲစ ဖြစ်တာပဲ။ တိုက်ပွဲ ၉ ကြိမ်ဖြစ်ခဲ့တဲ့အချိန်အထိ ကျနော် ကိုယ့်လူထုဘက်ကို ကျနော် ကျည်တခါမှ မပစ်ခဲ့ဘူးပေါ့။ သူတို့က လက်နက်ကြီးတွေ ပစ်ခိုင်းတယ်။ ဖြစ်နေတဲ့နေရာ မပစ်ဘူး။ တခြားနေရာပဲ လွှဲပစ်တယ်။ တပ်ထဲကလူတွေနဲ့လည်း ကျနော် မတည့်ဘူး။ ကျနော်အဲလို မတရားတာကို မတရားလုပ်လို့ ကျနော် အမှန်အတိုင်း ပြောတယ်။ သူတို့ အဲလိုအမှန်အတိုင်းပြောလို့ အချုပ်ထဲ ထည့်တယ်။ ခဏခဏပဲ။ ”
မေး။ ဆိုတော့ အခုနက ရန်ကုန်မှာ တပ်မ ၇၇ ကနေ လွိုင်ကော် ဆေးတပ်ကိုဘယ်ရောက်လာတာလဲ။
ဖြေ။ “ ဘယ်လိုပြောမတုန်း ကျနော် စစ်တပ်ထဲ စဝင်တာ ၇/၁၀၀ ဆေးတပ်ကနေပြီး အဲမှာ စစ်သားလုပ်ဖို့ စစ်တပ်ထဲဝင်တာ။ ဒါပေမဲ့ သင်တန်းဆင်းတော့ ကျနော့်ကို တပ်မ ၇၇ ပို့လိုက်တယ်။ တပ်မ ၇၇ ပို့လိုက်ပြီးတော့ ရခိုင်မှာ ကျနော် တနှစ်ခွဲနေပြီး ပြန်လာတော့ တပ်ပြောင်းစာတင်တာပေါ့။ ကျနော်နေတဲ့ မြို့ကို ပြန်ပြောင်းချင်တယ်စာတင်တော့ ၆ လပိုင်းကျတော့ ပြောင်းခွင့်ကျတယ်။ ကျတဲ့အချိန်ကျတော့ ကိုယ့်မြို့ကို ပြန်ပြောင်းရတယ်ပေါ့။ ”
မေး။ အစ်ကိုတို့အနေနဲ့ ဒီတပ်မတော်ထဲမှာ အာဏာမသိမ်းခင်ကနေ အာဏာ သိမ်းပြီးနောက်ပိုင်း နေရထိုင်ရတာ ဘယ်လို ကွာလဲ။
ဖြေ။ “ဘယ်လိုမှ မကွာဘူး။ အတူတူပဲဗျာ။ အတူတူပဲဆိုတာ မသိမ်းခင်ကလည်း ဒီလိုမတရားတာပဲ။ ဆိုတာနဲ့ နည်းတာနဲ့များတာပဲ အဲလိုပဲကွာတယ်။ မသိမ်းခင်တုန်းကတော့ လွတ်လွတ်လပ်လပ်သွားလို့ရသေးတယ်။ မတရားတာကတော့ မတရားဘူးပေါ့။ ဒါပေမဲ့ တအားကြီးတော့မဟုတ်ဘူးပေါ့။ ဒီအာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတုန်းက အဲလောက်မဖြစ်သေးဘူး။ အခု လက်နက်ကိုင်ပြီး ပြန်တွန်းလှန်နေကြတဲ့အချိန်ရောက်မှ ပိုပြီးဆိုးလာတယ်။ ပိုပြီးဆိုးလာတယ်ဆိုတာက သူတို့သေမှာတအားကြောက်တယ်လေ။ တအားကြောက်တော့ သူတို့ဘက်ပဲ သူတို့ကြည့်တော့တယ်။ အောက်ခြေတစက်မှ ပြန်မကြည့်တော့ဘူး။ နေ့ရော၊ ညရော၊ ကင်းစောင့်ခိုင်းတယ်။ ထမင်းဟင်းကျွေးရင်လည်း ငါးအပုပ်တွေကို ဟင်းချက်ကျွေးတယ်။ ဟင်းချက်ကျွေးလို့ မကုန်ရင်လည်း နောက်တနပ်စာဆိုပြီး ပြန်ကျွေးတယ်။ အဲလိုတွေရှိတယ်။”
မေး။ အခုနက ပြောသလို ၆ လပိုင်းမှာ ပြောင်းလာပြီးတော့ တိုက်ပွဲတွေ စဖြစ်တယ်ပေါ့နော်။ စဖြစ်တော့ ဒီသတင်းမှာတို့၊ လူမှုကွန်ယက်မှာတို့ဆိုရင် တပ်မတော်စစ်ကြောင်းတွေက ရွာတွေထဲကို ဝင်ပြီဆိုရင် ပြည်သူတွေရဲ့ အိုးအိမ်တွေဝင်ပြီး ပစ္စည်းတွေယူသွားတာတို့၊ ဖျက်ဆီးတာတို့ အဲလိုတွေ ခဏခဏတွေ့ရတယ်။ အဲတော့ ကိုယ်တိုင်လိုက်တဲ့ စစ်ကြောင်းတွေမှာ အဲလိုလုပ်တာရှိလား။
ဖြေ။ “ဘယ်လိုပြောမလဲ ကျနော် အဲလိုမသွားရဘူးဆိုတာက ကျနော့် အရာရှိက ကျနော့်ကို ဘယ်မှ ပေးမထွက်ဘူး။ အဲမှာ စစ်သားနဲ့မတူတော့ဘူး။ ထောင်သားတယောက်လိုပဲ။ ခြံစည်းရိုးနားတောင်မှ ကပ်လို့မရဘူးပေါ့။ ရောက်ကတည်းက တပ်ထဲမှာ ဘယ်မှ ပေးမသွားဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာ ဒီဘက်အဖွဲ့အစည်းတွေက၊ ဒီဘက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေက စစ်တပ်ကိုလာပစ်တယ်။ ၉ ကြိမ်တိတိလာပစ်တော့၊ ၉ ကြိမ်ဖြစ်တာပေါ့။ တိုက်ပွဲ ၄ ခါမြောက်ဖြစ်တဲ့အချိန်မှာ စပြီး လက်နက်ကြီး စပစ်ခိုင်းတယ်။”
မေး။ အခု ဒီ ကရင်နီ GZ အဖွဲ့နဲ့ ချိတ်ဆက်ပြီး CDM လုပ်ပြီဆိုတော့ ရှေ့ဆက်ဘာလဲမလဲ။
ဖြေ။ “ ကျနော့်ရဲ့ဆန္ဒကတော့ ကျနော်သူတို့ကို ပြန်တိုက်မယ်။ သူတို့လုပ်ခဲ့သလိုမျိုး ကျနော် တပုံစံထဲ ဖြစ်အောင် ပြန်လုပ်မယ်။ ကျနော်ကိုယ်တိုင်ကလည်း ကရင်နီလူမျိုးပဲ။ ကျနော့်လူမျိုးအတွက် ကျနော် ပြန်တိုက်မယ်။ ကျနော့်လူမျိုးတွေ အခုလိုမျိုးနေစရာမရှိအောင် လုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျနော်လည်း သူတို့ကို အဲလို ပြန်လုပ်မယ်။ သူတို့လုပ်ခဲ့တဲ့ပုံစံအတိုင်းပဲ ကျနော်ပြန်လုပ်မယ်။ ”
မေး။ အခု ပြန်လည်တော်လှန်ဖို့ ဆုံးဖြတ်ပြီဆိုတော့ တပ်မတော်ထဲမှာနေခဲ့ရသလိုဆိုရင် တပ်မတော်ကြီးက ဘယ်လောက်ထိ ခိုင်မာနေသေးလဲ။ အဓိက သူတို့ရဲ့အားနည်းချက်အားသာချက် ဘာတွေရှိလဲ။
ဖြေ။ “ ဟို.. လူမရှိတော့ဘူး။ လူမရှိတော့ဘူးဆိုတာ တနေ့တနေ့ မြန်မာနိုင်ငံမှာ သူတို့သေတာ နည်းတာမှမဟုတ်တာ။ လူမရှိတဲ့နောက်ဆုံး ရှိတဲ့လူတွေနဲ့ လက်နက်ကြီးတွေ ထုတ်သုံးတယ်။ ရဟတ်ယာဉ်တွေ ထုတ်သုံးတယ်ပေါ့။ ကျနော်က ဆေးတပ်မှာနေတော့ တနေ့တနေ့ အဲမှာ ကျတဲ့လူတွေ ရောက်တယ်လေ။ လူနာဆိုရင်လည်း လူနာ သေဆုံးသူဆိုရင်လည်း သေဆုံးသူရဲ့ ရုပ်အလောင်းတွေကို ဆေးစစ်ချက်ယူရတာဆိုတော့ တရက်တရက် ကယားပြည်နယ်မှာကို သေတဲ့လူမနည်းဘူးပေါ့။ ဘယ်နားသေသေ အလောင်းကို ကျနော်တို့ ဆေးရုံပဲ ရောက်လာတာလေ။ အဲတော့ သိတယ်။ သူတို့ အားနည်းချက်ကလည်း စိတ်ဓာတ်ကျတဲ့လူ တော်တော်များနေပြီပေါ့။ ဒီဘက်နဲ့ မဆက်သွယ်တာတခုပဲရှိတယ်။ တချို့ စိတ်ဓာတ်ပျက်ပြားနေပြီ။ သူမသေဖို့အတွက်ပဲ တိုက်တော့မယ်ဆိုတဲ့ အဲလိုခံယူချက်ရှိတဲ့လူလည်းရှိတယ်။ တချို့ကျတော့လည်း လာချင်တယ်။ လာချင်တယ်ဆိုပေမယ့် သူများသွေးထိုးတဲ့စကားတွေ ဒီကိုလာရင် သတ်ပစ်တာတွေ၊ အဲလိုမျိုး ကြားစကားတွေကြောင့်မို့ မလာရဲတဲ့သူရှိတယ်။ တချို့ကျတော့ လာချင်ပေမယ့် အဆက်အသွယ်မရှိတဲ့လူတွေလည်းရှိတယ်။ ”
မေး။ အဲလိုလာချင်နေတဲ့ တပ်ထဲက လူအတွက်ကော ဘာပြောချင်လဲ။
ဖြေ။ “လာချင်နေတဲ့လူတွေကို ဘယ်ပြောချင်လဲဆိုတော့ ဘာမှ မကြောက်နဲ့ပေါ့။ ကိုယ်မှန်တယ်ထင်ရင် ရဲရဲဝံ့ဝံ့ ဘာမှ ကြောက်စရာမလိုဘူး။ သတ်ပစ်တယ်တိုတာကလည်း လျှောက်ပြောတာ။ အဲဒါ ကြားစကားတွေပဲပေါ့။ မှန်မယ်ထင်တာကို ရဲရဲဝံ့ဝံ့လုပ် ဘာမှ မဖြစ်ဘူး။ ”
Photo Credit-Karenni Generation Z