ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်၊ ဆီဆုံကုန်းကျေးရွာအုပ်စု၊ စမ်းကြီးကျေးရွာအုပ်ချုပ်ရေးမှုးနဲ့ ပျူစောထီးတွေ အပါအဝင် ၅ ဦး နိုဝင်ဘာ ၁၁ ရက်နေ့ညပိုင်းက ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ဒေသခံတဦးက ''စမ်းကြီးအုပ်ချုပ်ရေးမှူးအိမ်မှာ အုပ်ကြီးရယ်၊ ရေကြည်ရွာကပျူအဖွဲ့ဝင် မောင်သောင်း၊ ဇော်လေး နဲ့ ကိုမင်း၊ တာကလောရွာက ကိုမျိုး တို့ လူစုံနေကြတဲ့အချိန် ဝင်ပစ်ခံရတာ။ သူတို့တွေက စစ်တပ်ရဲ့သတင်းပေးတွေချည်းပဲ” လို့ ပြောပါတယ်။
ပစ်ခတ်ခံရသူ ၅ ဦးအနက် ၄ ဦးဟာ နတ်တလင်းဆေးရုံကို ပို့ဆောင်ထားရပြီး အခြေအနေဆိုးတဲ့ ကျန် ၁ ဦးကိုတော့ ပြည်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။
''၅ ယောက်ထဲက ၂ ဦးကတော့ အခြေအနေမကောင်းဘူး။ အရမ်းစိုးရိမ်ရတဲ့ ၁ ယောက်ကိုတော့ ပြည်ဆေးရုံကို လွှဲလိုက်ပြီ။ ဆုံးသွားပြီလို့လည်း ကြားနေရတယ်။ အတည်မပြုနိုင်သေးဘူး'' လို့ နတ်တလင်းဆေးရုံနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Phoenix-D-F အဖွဲ့က လုပ်ဆေင်ခဲ့တာဖြစ်ပြီး နတ်တလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့အောက်ခြေက အုပ်ချုပ်ရေးမှူးတွေကိုလည်း အချိန်မီ နုတ်ထွက်ကြဖို့ Phoenix-D-F အဖွဲ့ရဲ့ သတင်းပြန်ကြားရေးကော်မတီတာဝန်ခံက ပြောပါတယ်။
စမ်းကြီးကျေးရွာကစာသင်ကျောင်းမှာ ပြီးခဲ့တဲ့ ဇွန် ၄ ရက်က ပျူစောထီးအဖွဲ့တွေ ထောင်ထားတဲ့ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး ပညာရေးဝန်ထမ်း ၃ ဦးနဲ့ ဒေသခံပြည်သူ ၅ ဦးတို့ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၇ ရက်ကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းစန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင် နဲ့ စစ်ကောင်စီသတင်းပေး သားအဖ ၂ ဦးဖြစ်ကြတဲ့ ဦးသိန်းထွန်း၊ သားဖြစ်သူ ကိုကောင်းထက်ခန့် တို့ ပစ်ခတ်ခံရပြီး ကိုကောင်းထက်ခန့်က နေရာမှာတင်ပွဲ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။