မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုနဲ့ မရမ်းကုန်းကျေးရွာကြားက ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု နိုဝင်ဘာ ၁၁ ရက် ည ၆ နာရီခွဲလောက်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဓာတ်ငွေ့ပိုက်လိုင်းကို အမည်မသိ လူတစ်စုက မိုင်းထောင် ဖောက်ခွဲတာ ဖြစ်ပြီး လူထိခိုက်ဒဏ်ရာ ရတာ မရှိဘူးလို့ ဆိုပါတယ်။
ဒေသခံတွေအဆိုအရ အဲဒီဓာတ်ငွေ့ပိုက်လိုင်းဟာ ထားဝယ်ကနေ ရန်ကုန်ကို ဆက်သွယ်ထားတဲ့ ပိုက်လိုင်း တစ်ခုဖြစ်ပြီး မိုင်းထောင်ခွဲဖျက်ဆီးခံရပြီးနောက် ည ၁၀ နာရီလောက်မှာ ဓာတ်ငွေ့ယို့စိမ့်မှု ရပ်သွားခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီပိုင် ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲဖျက်ဆီးတာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF ထုတ်ပြန်ပါတယ်။
အဲဒီဓာတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးမှုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ တပ်ဖွဲ့ဝင်တွေ၊ သထုံပြောက်ကျားများတပ်ဖွဲ့နဲ့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၁ အတွင်းရေးမှူး ပဒိုစောစိုးမြင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အောက်ခြေတပ်ဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် မရသေးလို့ အတည်ပြုမပေးနိုင်ဘူးလို့ ဆိုပါတယ်။
သထုံ PDF ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ကလည်း သထုံနဲ့ ဘီးလင်း ကမာစိုင်ကွက်သစ်အနီးမှာ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ထားပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သထုံ PDF က ထုတ်ပြန်ထားပါတယ်။