စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရုံကြီးလမ်းက မုံရွာလျှပ်စစ်ရုံးကို နိုဝင်ဘာ ၁၁ ရက် ညနေ ၄ နာရီ လောက်က သေနတ်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တပ်သား ၁ ဦး သေဆုံး သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅ ချက်လောက် ပြန်လည်ပစ်ခတ်ပေမဲ့ ထိခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ PDF-SOUTH Monywa တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက မုံရွာတစ်မြို့နယ်လုံးကို မီတာစာရွက်တွေ လိုက်လံဖြန့်ချိတာ၊ မီတာဆောင်ဖို့ ပြည်သူလူထုကို ဖိအားပေးနေတာကြောင့် မုံရွာမြို့ပြပြောက်ကျားတပ်က သတိပေး ပစ်ခတ်တာ လို့လည်း ပြောပါတယ်။
မုံရွာမြို့ နန္ဒဝန်ရပ် ပုဏ္ဏမီ ၇ လမ်းမှာနေတဲ့ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်သူ တယောက်လည်း နို၀င်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီလောက်မှာ အသတ်ခံ လိုက်ရတယ်လို့ သိရပါတယ်။
အခုသတ်ခံသူ ကိုတင်ငွေဟာ စစ်ကောင်စီတပ်ကို နောက်ကွယ်ကနေ ထောက်ပံ့တာတွေ သတင်းပေးတာတွေ လုပ်နေသူဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
Monywa Heroes Groupရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ဆီကို စစ်တပ်သတင်းပေးသူဆိုပြီး သတင်းရောက်နေတာ ကြာပြီ။ သေချာအောင် စောင့်ကြည့်နေတာ။ သေချာလို့ ကျနော်တို့အဖွဲ့ နဲ့ PDF-South Monywa တို့ ပေါင်းပြီး အခုလို လုပ်လိုက်တာ”လို့ ပြောပါတယ်။
အခုလိုသတ်ခံရတဲ့ ဦးတင်ငွေဟာ အသက် ၄၀ ရှိပြီး ဓားနဲ့ ၇ ချက်တိတိ ထိုးသတ်ခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မုံရွာမြို့နယ်က ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ အဆက်အသွယ် မလုပ်ကြဖို့၊ စစ်တပ်ထုတ်ကုန်တွေ ကို မသုံးကြဖို့လည်း ဒေသတွင်းပြည်သူကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။