နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲချက်တင် ဖမ်းဆီးခံထားရတဲ့ သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘာသာပြန်ပေးနေရ ပါတယ်။
ပါမောက္ခ ရှောင်တာနယ်လ်ကို အမှုစစ်ဆေးဖို့ မြန်မာ-အင်္ဂလိပ်ဘာသာပြန်တစ်ဦးကို ခွင့်ပြုမှာမဟုတ်ဘူးလို့ နေပြည်တော်တရားရုံးက အောက်တိုဘာ ၇ ရက်မှာ အမိန့်ချမှတ်လိုက်တဲ့ အတွက် ဒီအမှုအတွက် ဘာသာပြန်ဆိုပေးမယ့်သူ မရှိတဲ့ အခြေနေ ဖြစ်နေတာပါ။
ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော် ဇဗ္ဗူသီရိအထူးတရားရုံးမှာ တရားခွင် မတိုင်ခင် စွပ်စွဲခံရသူအမှုသည်တွေနဲ့ ရှေ့နေတွေ သီးသန့်တွေဆုံပြီး အမှုအကြောင်းဆွေးနွေးခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဆွေးနွေးပြီး တခြားသူတွေ ဆွေးနွေးသမျှကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကပဲ မစ္စတာရှောင်တာနယ်လ်ကို ဘာသာပြန်ပေးခဲ့တယ်လို့ သိရပါတယ်။
ပါမောက္ခ ရှောင်တာနယ်လ်ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အမှု ၂ ခုထဲက နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအမှုကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ စတင်ကြားနာဖို့ တရားရုံးက ဒီနေ့ ရုံးချိန်းမှာ ဆုံးဖြတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက စုံစမ်းသိရပါတယ်။
မစ္စတာ ရှောင်တာနယ်လ်ကို မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပါ စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး) ၊ ဦးဆက်အောင် (စီမံ/ ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့ လည်း အမှုတွဲအဖြစ် တရားစွဲခံထားရပါတယ်။