ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ နိုဝင်ဘာ ၁၀ ရက်ညက လောင်းကစားဝိုင်းတခုမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး လောင်းကစားသမားတချို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဗန်းမော် - မန္တလေးအဝေးပြေးလမ်းမပေါ် အထက်လေးလမ်းဆုံက လောင်းကစားဝိုင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရှိသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ည ၁၁ နာရီလောက်မှာ ဗုံး နှစ်လုံးပေါက်တာ။ လောင်းကစားလုပ်နေတဲ့သူတွေ ထိတာပဲ။ ထိခိုက် ဒဏ်ရာရတာကတော့ အနည်းနဲ့အများပဲ။ ထိခိုက်သူတချို့ကတော့ ဆေးရုံမှာ။ လူသေတဲ့ အထိတော့ ကျနော်တို့ မကြားသေးဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါဗုံးကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကပြုလုပ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။ ဗုံးပေါက်ကွဲခဲ့တဲ့ နေရာမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်ပါးစေတွေနဲ့ လာဘ်ပေးလာဘ်ယူ ပြုလုပ်ကာ လောင်းကစားဝိုင်းဖွင့်လှစ်တာကို ထိရောက်စွာ အရေးယူသွားမှာဖြစ်တာကြောင့် မလိုလားအပ်တဲ့ အန္တရာယ်မဖြစ်ပေါ်စေဖို့ ပြည်သူတွေအနေနဲ့ အဲဒီနေရာတွေကို လုံးဝမသွားဖို့ မေလအတွင်းမှာ ရွှေကူ PDF က အသိပေး ထုတ်ပြန်ထားပါတယ်။