မန္တလေးမြို့၊ အမရပူရမြို့နယ်အတွင်းရှိ တောင်ပိုင်း ကညနရုံး (စွယ်တော်) နိုဝင်ဘာ ၁၁ ရက်က လက်လုပ်ဗုံးနဲ့ အပစ်ခံခဲ့ရပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဆိုင်ကယ်နဲ့ လူငယ် နှစ်ယောက်က လက်လုပ်ဗုံးနဲ့ ပစ်သွားတာဖြစ်ပြီး ရုံးအဝင်ပေါက်ဝမှာ ပေါက်ကွဲမှုဖြစ်ကာ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ အနီးပါတ်ဝန်းကျင်ရှိ ပြည်သူတချို့ က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်အပြီးမှာ စစ်ကောင်စီ တပ်သားတချို့နဲ့ အရပ်ဝတ်လက်လက်ကိုင်တချို့ ရောက်လာပြီး အနီးပတ်ဝန်းကျင် စစ်ဆေးသွားပါတယ်။
မြို့ပြပြောက်ကျားအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေ ထောက်တိုင်တွေကို လိုက်လံရှင်းလင်းနေပြီး အများပြည်သူတွေကိုလည်း စစ်ကောင်စီထံ အခွန်မဆောင်ကြဖို့ အသိပေးထားပါတယ်။
အောက်တိုဘာ ၂၇ ရက်ကလည်း သိပ္ပံလမ်းပေါ်ရှိ ကညန ရုံးရှေ့မှာ ဗုံးနှစ်လုံး ဆင့်ပေါက်တာကြောင့် လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ ဆိုင်ကယ် ၁၀ စီးကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။