Home
မြန်မာသတင်း
ထိုင်းနိုင်ငံ နာနတ်သီးစက်ရုံတွင် ဖိနှိပ်ချုပ်ချယ်ခံရသဖြင့် မြန်မာလုပ်သားများဆန္ဒပြ
DVB
·
November 10, 2021
250546387_526544798821541_2179476075074538218_n

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျူတ်ခီရီခန်ခရိုင်၊ ကွန်ပူရီမြို့နယ်ရှိ Kuiburi Food Canning နာနတ်သီးစည်သွပ်စက်ရုံမှာ ဖိနှိပ်ချုပ်ချယ် ခွဲခြားဆက်ဆံခံနေရတဲ့ မြန်မာအလုပ်သမား ၄၀၀ ကျော် နိုဝင်ဘာ ၉ ရက်မနက်က  အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာအလုပ်သမားတွေဟာ စက်ရုံကို မိမိဖာသာလာခွင့်မရှိ၊ ဆိုင်ကယ်စီးခွင့်မရှိ၊ စက်ရုံကားနဲ့သာ အသွားအပြန်လုပ်ရပြီး လမ်းမှာလည်းရပ်မပေးသလို ဈေးဝယ်လို့လည်းမရကြောင်း ၊ ATM ကနေ ငွေသွားထုတ်လို့မရ ၊ လွတ်လပ်စွာနေထိုင်ခွင့်လည်းမရတဲ့အတွက် မကျေနပ်လို့ ဆန္ဒပြကြတာလို့ အလုပ်သမားတွေကို သွားရောက်ကူညီပေးနေတဲ့ ကိုချစ်က ဒီဗွီဘီကို ပြောပါတယ်။ 

“အဓိကကတော့ သူတို့ဟာ လွတ်လပ်စွာသွားလာခွင့်တွေ ပိတ်ပင်ခံနေရတာပေါ့နော်။ အခုက ကိုဗစ်-၁၉ ရောဂါကိုအကြောင်းပြတယ်ဆိုပေမယ့် အရင်ကတည်းကလည်း ထိုင်းအလုပ်သမားတွေနဲ့ ခွဲခြားဆက်ဆံနေရတာ ၄-၅ နှစ်လောက်ရှိပြီလို့ပြောတယ်။ အလုပ်သမားတွေက ဖယ်ရီမစီးဘဲ ကိုယ့်ဖာကိုယ်လမ်းလျှောက်လာရင် စက်ရုံထဲမပေးဝင်ဘူး၊ ဖယ်ရီစီးတော့လည်း လမ်းမှာဘယ်မှာမှ ရပ်မပေးဘူး၊ ဟိုဟာဒီဟာဝယ်လို့လည်းမရ၊ လစာကို ATM ကနေထုတ်တယ်။ ATM က စက်ရုံရှေ့မှာဘဲ ၊ အဲဒါထွက်လာပြီး ပိုက်ဆံထုတ်တော့ လုံခြုံရေးအစောင့်က ပြဿနာလုပ်တယ်။”

ဒါကြောင့် အလုပ်သမားတွေဟာ မနေ့မနက်က  အလုပ်မဆင်းဘဲဆန္ဒပြတဲ့အပြင် မြန်မာ အလုပ်သမားသံအရာရှိရုံးကိုပါ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ကိုဇော်နဲ့  ဥပဒေအကြံပေး ဦးအောင်မျိုးသန့်တို့ ရောက်ရှိလာကာ အလုပ်သမားတချို့နဲ့အတူ ခရိုင်အလုပ်သမားကာ ကွယ်ရေးရုံးမှာ သွားရောက်တိုင်တန်းခဲ့ကြပါတယ်။ 

အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးက စက်ရုံတာဝန်ရှိသူတွေကို ခေါ်ယူမေးမြန်းပြီး ညနေပိုင်းမှာတော့ စက်ရုံမှာဘဲ မျက်နှာစုံညီဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း၊ စက်ရုံတာဝန်ခံကတော့ အလုပ်သမားတွေ ကိုဗစ်-၁၉ ကူးစက်ခံရမှာစိုးလို့ ထိန်းချုပ်ကန့်သတ်ရတာ၊ ဆိုင်ကယ်ပေးစီးရင် နယ်မြေကျော်လည်ပတ်မှာစိုးလို့ မပေးစီးတာလို့ ပြောပါတယ်။ 

ညှိနှိုင်းအပြီးမှာတော့ အလုပ်သမားတွေကို တစ်လှည့်စီ ဖယ်ရီကားစီး ၊ တစ်လှည့်စီလမ်း လျှောက်ခွင့်ပြုပြီး တစ်ပတ်တစ်ခါ ကိုဗစ်-၁၉ ရှိမရှိစစ်ဆေးဖို့ ၊ ကူးစက်မှုမရှိရင် ဆက်လက်ဖြေ လျော့ပေးမယ် ၊  ATM မှာ လစာလာထုတ်လို့ရမယ်လို့ စက်ရုံဘက်က ကတိပေးတဲ့အတွက် အ လုပ်သမားတွေ အထိုက်အလျောက်ကျေနပ်သွားခဲ့ကြတယ်လို့ သိရပါတယ်။

 ဓာတ်ပုံ- ကိုချစ် ( ဇွဲကပင် )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024