စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီ ရဲကားနှစ်စီး မိုင်းဆွဲခံရပြီး ချောင်းဦးမြို့နယ်မှာ မိုင်းလာရှင်းစဉ် ပေါက်ကွဲမှုကြောင့် ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းကနေ ရေဦးမြို့ကို တာဝန်ပြောင်ရွှေထမ်းဆောင်ဖို့သွားတဲ့ စိုင်ပြင်စခန်းမှူးရဲ့ ကားနှစ်စီး ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက် စိုင်ပြင်နဲ့ဒီပဲယင်းကြားမှာ မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ပြုလုပ်ခဲ့တာလို့ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
“ကားနှစ်စီးဗျ။ တစ်စီးက လွတ်သွားတယ်။ ပစ္စည်းတွေတင်လာတဲ့ ကားကတော့ မိတယ်။ အဲကား အခုမီးလောင်တယ်။ ဖောကားလို့ အများကခေါ်တာပဲ။ ဘာကားလဲတော့ မသိဘူး မီးကတော့ လောင်နေတာပဲ။”
ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၈ ရက်နေ့မှာ လေယာဉ်နဲ့ စစ်သားတွေလာချပြီး ဒေသတွင်းက နေအိမ်နှစ်လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးမြို့နယ် ချောင်းဦး-ပခုက္ကူလမ်းဘေးရှိ ဗိုလ်ချုပ်ပန်းခြံအနီးမှာလည်း ဒီနေ့မနက် ၁၀ နာရီဝန်းကျင်လောက် မိုင်းလာရှင်းစဉ် ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုင်း ၂ လုံး စစ်ကားနှစ်စီးပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကို Chaung U People’s Defence Force၊ CHU PDF၊ Monywa People Defence Force – MPDF၊ Myaung Special People’s Defense Force - MSPDF၊ 27 Revolution Forces နဲ့ T.G.R (Myaung) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။