စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်း (ပျူမြို့ဟောင်း) ကျေးရွာကို နိုဝင်ဘာ ၉ ရက် ညပိုင်းက အကြမ်းဖက်စစ်တပ်က စီးနင်းဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူ ၁၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ညက ဝင်စီးပြီးဖမ်းတာ။ ဖမ်းတုန်းကတော့ လူ ၁၀၀ လောက်ပဲ။ သူတို့ လူသားတံတိုင်း လုပ်ပေးရတဲ့သဘော ရှိတယ်။ မနက်ကျ အတော်များများ ပြန်လွှတ်ပေးပြီး ၁၉ ဦးကိုတော့ ဖမ်းဆီးသွားပြီး ရွှေဘိုတပ်ထဲ ပို့လိုက်တယ်” လို့ ဒေသခံက ပြောပါတယ်။
ဖမ်းဆီးသွားသူတွေကို ရွှေဘိုမြို့ မြစ်ကြီးနားလမ်းထွက်က လေ့ကျင့်ရေး ၈ စစ်ကြောရေးစခန်း ခေါ်သွားတယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ် အရှေ့မြစ်ရိုး အင်ဒေါင်းရွာမှာ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ် စစ်အင်အား ၇၀ လောက်နဲ့ ဝက်လက်မြို့နယ်မြောက်ပိုင်း ဖြစ်တဲ့ ဟန်လင်းမှာတော့ စစ်အင်အား ၅၀ ခန့် အသီးသီးတပ်စွဲထားတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း ဟန်လင်းဘက်သွားလာကြတဲ့ လမ်းသွားလမ်းလာအားလုံးကို စစ်ဆေးတာတွေ ပြုလုပ်နေသလို ရဟတ်ယာဉ်နဲ့လည်း စုံစမ်းထောက်လှမ်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။