မန္တလေးတိုင်း တောင်သာမြို့နယ် ခြုံကြီးကျေးရွာမှာ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီက လူငယ်တယောက်ကို ဝင်ရောက်ရှာဖွေခဲ့ရာ မတွေ့တဲ့အတွက် မိသားစုဝင် ၆ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
လူငယ် ကိုဝေဖြိုးကို ဖမ်းဆီးဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ မနက် ၄ နာရီလောက်လာရောက်ရှာဖွေရာ မတွေ့တဲ့အတွက် မိသားစုဝင် ၆ ယောက်ကို ဖမ်းဆီးပြီး ပစ္စည်းအချို့ကို ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“မနက် ၄ နာရီလောက် အိမ်ကိုဝိုင်းပြီး ကိုဝေဖြိုးကို လာဖမ်းတာ။ ကိုဝေဖြိုးက ရန်ကုန်မှာ အလုပ်လုပ်နေတာကြာပြီ။ ဘာကြောင့် လာဖမ်းလဲတော့ မသိရဘူး။ သူ့မတွေ့တော့ မိသားစုဝင် အားလုံးကို ဖမ်းသွားတယ်။ အဲဒါအပြင် အိမ်က ပစ္စည်းတွေလည်း မသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ကိုဝေဖြိုးရဲ့ မိသားစုဝင် ၆ ယောက်ကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်း ထားတယ်ဆိုတာ မသိရသေးသလို ကိုဝေဖြိုးကို ဘာကြောင့် လာရောက်ဖမ်းဆီးတယ်ဆိုတာလည်း တိတိကျကျ မသိရသေးပါဘူး။