သက်ရှိသတ္တဝါတွေထဲမှာ လူသားဟာ အသိဉာဏ်အမြင့်ဆုံးလို့ သူတို့ကိုယ်တိုင်ပဲ သတ်မှတ်ကြ ပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့အသိဉာဏ်ကို အသုံးချပြီး ပိုကောင်းတဲ့၊ ပိုလို့ သက်သောင့်သက်သာရှိမယ့် ဘဝတွေကို ရဖို့ ကြိုးစားကြရင်း သူတို့မှီတင်းနေထိုင်နေရတဲ့ တစ်ခုတည်းသော မိခင်မာတာ ကမ္ဘာဂြိုဟ်ပြာကြီးကို နက်ရှိုင်းစွာ ထိခိုက်ဒဏ်ရာရစေခဲ့ကြတယ်။
အစားထိုးစရာမရှိတဲ့ ကမ္ဘာကြီးရဲ့ မြေဆီမြေနှစ် အသွေးအသားတွေကို ဖောက်ထုတ်ယူငင် စားသောက်ကြရာမှာ လူသားတွေရဲ့ အမြော်အမြင်မဲ့စွာ၊ ဆင်ခြင်တုံတရား ကင်းမဲ့စွာ လောဘတကြီး ရယူသုံးစွဲမှုတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်။ ဒီကမ္ဘာကြီးဟာ နှိပ်စက်ကလူ ပြုတတ်တဲ့ သားဆိုး သမီးဆိုးတွေကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး နာတာရှည်ရောဂါ စွဲကပ်နေတဲ့ မိခင်အိုကြီးနဲ့ တူလှပါတယ်။
တကယ်တော့ နေစကြဝဠာမိသားစုဝင်ဖြစ်တဲ့ ဒီကမ္ဘာကြီးဟာ မိမိဝင်ရိုးပေါ်မှာ ၂၃ ဒသမ ၄ ဒီဂရီ စောင်းပြီး လည်ပတ်နေရုံမက နေကိုပါ ပုံမှန်လှည့်ပတ်နေမှုကြောင့် နေ့နဲ့ ည ရက်၊ လ၊ နှစ်နဲ့ ရာသီဥတုပြောင်းလဲမှု စတာတွေဟာ ပုံမှန်ဖြစ်ပေါ်နေခဲ့ပါတယ်။ အဲဒီလို ပုံမှန်အတိုင်းဖြစ်ပျက် တည်ရှိနေတာကို “မျှခြေ”မှာရှိနေတယ်လို့ ပြောနိုင်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိ သက်မဲ့အရာတွေအားလုံး ရှင်သန်ပေါက်ပွား အသက်ဆက်နိုင်အောင် သဘာဝတရား မျှခြေမှာ ရှိနေနိုင်ဖို့ ကမ္ဘာကြီးရဲ့ လေထု၊ ရေထု၊ မြေထုတွေထဲမှာ ကာဗွန်သံသရာ (Carbon cycle)၊ နိုက်ထရိုဂျင်သံသရာ (Nitrogen Cycle) နဲ့ ရေသံသရာ (Water/Hydrologic Cycle) စတာတွေက ထိန်းညှိပေးထားတာ ဖြစ်ပါတယ်။
အဲဒါတွေအပြင် ဂေဟစနစ် (Ecosystem) အတွင်းမှာ အာဟာရစက်ဝန်း (Nutrient Cycle/ Ecological recycling) နဲ့ အစာကွင်းဆက် (Food chain) တွေဟာ သတ္တဝါ၊ အပင်နဲ့ မိုက်ခရိုဇီဝ စတဲ့ ရှင်သန်နေသောအရာများ (Living organism) နဲ့ သူတို့ နေထိုင် မှီတင်းရာ သဘာဝ ပတ်ဝန်းကျင် (Environment) အကြား “မျှခြေ” မှာ ရှိနေဖို့ ထောက်ကူ ထိန်းညှိပေးထားတယ်။
အဲဒီလိုရှိနေတဲ့ သဘာဝတရားမျှခြေတွေ တဖြည်းဖြည်းချင်း လျော့ပါးပျောက်ဆုံးစေမယ့် အကြောင်းတရားတွေဟာ လူသားတွေရဲ့ ပယောဂနဲ့ ဖြစ်ပျက်လာခဲ့ရတယ်။
ခရာဇ်သက္ကရာဇ် ၁၇၆၀ ဝန်းကျင်လောက်က စတင်ခဲ့တဲ့ စက်မှုတော်လှန်ရေး (Industrial Revolution) ခေတ်ကနေ ဒီကနေ့ မျက်မှောက်ခေတ်ထိအောင် လူသားတွေရဲ့ ပယောဂနဲ့ ထွက်ရှိခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တိုးပွားလာမှုဟာ ကာဗွန်သံသရာရဲ့ မျှခြေကို ပျောက်ဆုံးစေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာခြင်း (Global Warming) ဆိုတဲ့ ရောဂါဆိုးကြီး ကမ္ဘာမှာ စွဲကပ်လာခဲ့တယ်။
သုတေသနစာတမ်းတွေရဲ့အရ လူသားတွေရဲ့ ပယောဂနဲ့ ထွက်လာတဲ့ ကာဗွန်ထုတ်လုပ်မှုဟာ နှစ်စဉ် ၉ ဂစ်ဂါတန် (Gigatons) ရှိပြီး အဲဒီအထဲမှာ ၄၉ ရာခိုင်နှုန်းဟာ စက်မှုလုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေက ထုတ်လွှတ်လိုက်တာ ဖြစ်ပါတယ်။
ကမ္ဘာကြီးရဲ့ အပူချိန်မြင့်တက်လာမှုဟာ ၂၀ ရာစုနှစ်အတွင်း ပျမ်းမျှအပူချိန် ၀ ဒသမ ၆ ဒီဂရီစင်တီဂရိတ် (၁ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်) အထိ ရှိခဲ့တယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် သက္ကရာဇ် ၂၁၀၀ ခုနှစ်မှာ ကမ္ဘာကြီးရဲ့ လက်ရှိအပူချိန်ထက် နောက်ထပ် ၅ ဒီဂရီစင်တီဂရိတ် တက်သွားနိုင်တယ်လို့ ပညာရှင်တွေက ဟောကိန်းထုတ်ထားကြပါတယ်။
ကမ္ဘာကြီး ပူနွေးလာရတဲ့ အကြောင်းအရင်းက လေထုထဲမှာရှိနေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gases) တွေလို့ ခေါ်တဲ့ ရေခိုးရေငွေ့များ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် (Co2)၊ မီသိန်း၊ အိုဇုန်း အစရှိတဲ့ ဓာတ်ငွေ့တွေ တိုးပွားလာတာကြောင့် ဖြစ်တယ်။ အဲဒီဓာတ်ငွေ့တွေအနက် ရေနံမှ ထွက်ရှိတဲ့ လောင်စာဆီများ လောင်ကျွမ်းစေရာက ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေက အဓိကအခန်းမှာ ပါဝင်ပါတယ်။
နေရောင်ခြည်တွေ ကမ္ဘာပေါ် ကျရောက်လာတဲ့အခါမှာ အချို့ဟာ မြေကြီးထဲ စုပ်ဝင်သွားပြီး ကမ္ဘာမြေကို ပူနွေးသွားစေတယ်။ ဒါပေမဲ့ အများစုကတော့ မြေပြင်ကို ထိတွေ့ပြီးတဲ့နောက် လေထုထဲကို နေအလင်းထက် လှိုင်းအလျားပိုရှည်တဲ့ ရောင်ခြည်တွေအဖြစ် ပြန်လည်ရိုက်ခတ်သွားကြတယ်။ အဲဒီရောင်ခြည်တွေဟာ အာကာသထဲ လွင့်ပါးပျောက်မသွားခင် ကမ္ဘာလေထုထဲက ဖန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ စုပ်ယူခြင်းကို ခံလိုက်ကြရတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့တွေဟာ ကြေးမုံပြင်ပမာ သူတို့စုပ်ယူထားတဲ့ နေရောင်ခြည် အပူစွမ်းအင်တွေကို ကမ္ဘာမြေပြင်ဆီ ပြန်လည်ထုတ်လွှတ် ပူနွေးစေခြင်းကိုပဲ ဖန်လုံအိမ်အာနိသင် (Greenhouse Effect) လို့ ခေါ်ကြပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပူနွေးခြင်း (Global Warming) ရဲ့ ဆိုးကျိုးတွေကတော့ ရေခဲတောင်တွေ အရည်ပျော်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ရေလွှမ်းမိုးခြင်း၊ ရာသီဥတုများ ပြောင်းလဲလာခြင်း၊ မိုးခေါင်ခြင်း၊ သီးနှံများ ပျက်စီးခြင်း၊ မုန်တိုင်းနှင့် လေဆင်နှာမောင်းများ ပိုမိုတိုက်ခတ်လာခြင်း၊ အက်ဆစ်မိုး(Acid rain) ရွာလာနိုင်ခြင်း စတာတွေ ဖြစ်တယ်။
ဒါကြောင့် ကမ္ဘာကြီးဟာ လူသားတွေရဲ့ ပယောဂကြောင့်ဖြစ်လာတဲ့ အဲဒီဆိုးကျိုးတွေရဲ့ဒဏ်ကို မချိမဆံ့ ခံစားနေရတဲ့ နာတာရှည်ရောဂါသည် ဒါမှမဟုတ် ဖန်လုံအိမ်အကျဉ်းစံလို့ ဆိုရင် ဘယ်သူမှ ငြင်းဆန်ကြမယ် မဟုတ်ဘူး။
လူသားတွေဟာ ကိုယ့်တိုင်းပြည် တိုးတက်အောင် အပူတပြင်း လုပ်ဆောင်ကြရင်း လေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှု စတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို မေ့လျော့ထားတတ်ကြတယ်။ သစ်တောတွေ အလွန်အကျွံခုတ်၊ သယံဇာတတွေ ပရမ်းပတာထုတ်၊ သားငါး ပုစွန်တွေ စည်းမဲ့ကမ်းမဲ့ လောဘတကြီးဖမ်း၊ စနစ်တကျ လေ့လာမှုတွေ မပြုဘဲ ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်ဖို့ မြစ်၊ ချောင်းတွေ ပိတ်ဆို့ပြီး တာတမံကြီးတွေဆောက်ရင်း ဂေဟစနစ် (Ecosystem) ကို ဖျက်ဆီးပစ်ကြသလို ရေသံသရာ (Water Cycle) ရဲ့ မျှခြေကို ပိုလို့ပျက်စီးအောင် ဖျက်ပစ်နေကြတယ်။
မျက်မှောက်ခေတ်လူသားတွေရဲ့ ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ စွမ်းအင်တွေအနက်က လျှပ်စစ်စွမ်းအင်ကို ထုတ်ကြတဲ့အခါ အစိမ်းရောင်စွမ်းအား (Green Energy) လို့ ခေါ်တဲ့ လေအား (Wind Power)၊ နေရောင်ခြည်အား (Solar power)၊ ရေအား (Hydro power) နျူကလီးယားအား (Nuclear power) စသည်ဖြင့် ရှိတဲ့အထဲက ရေအားနဲ့ လျှပ်စစ်ဓာတ် ထုတ်လုပ်ခြင်းဟာ ဂေဟစနစ်နဲ့ ရေသံသရာရဲ့ မျှခြေကို အဖျက်ဆီးနိုင်ဆုံးပဲ၊ ဂေဟစနစ်ပျက်တာနဲ့ အဲဒီစနစ်ထဲမှာရှိတဲ့ ရေသတ္တဝါ၊ ကုန်းသတ္တဝါနဲ့ သစ်ပင်မျိုးစိတ်တွေ ပျက်စီး မျိုးသုဉ်းမယ့်အန္တရာယ် ရှိတယ်။ ထင်ရှားတဲ့ ဥပမာတခုကတော့ တရုပ်ပြည် ယန်စီမြစ်ပေါ် ဆောက်ခဲ့တဲ့ The Three Gorges Dam ဆိုတဲ့ ဆည်ကြီးကြောင့် ယန်စီ လင်းပိုင်နဲ့ ငါးမျိုးစိတ်တချို့ မျိုးသုဉ်းပျောက်ကွယ်သွားပြီလို့ ပြောကြတယ်။
တကယ်တော့ မြစ်၊ ချောင်းတွေဟာ ကမ္ဘာကြီးရဲ့ ရေသံသရာလည်ပတ်မှုအတွက် အလွန် အရေးပါတဲ့အရာတွေ ဖြစ်တယ်။ သူတို့ဟာ ရေနဲ့ အာဟာရဓာတ်တွေကို သယ်ဆောင်ပေးတယ်။ မြေသြဇာကောင်းတဲ့ နုန်းမြေတွေ ပို့ချပေးသလို ဆောက်လုပ်ရေးအတွက် မရှိမဖြစ်တဲ့ သဲနဲ့ ကျောက်စရစ်တွေ ထုတ်ပေးနိုင်တယ်။
မြစ်၊ ချောင်းတွေဟာ ကမ္ဘာမြေပြင်ကို ဆေးကြောသန့်စင်ပေးနိုင်သလို လူ အပါအဝင် သတ္တဝါမျိုးစုံဟာ မြစ်ရေ၊ ချောင်းရေကို မှီပြီး ရှင်သန်ကြရတယ်။ လယ်ယာစိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဟာ မြစ်၊ ချောင်းတွေရဲ့ ကျေးဇူးနဲ့ ဖွံ့ဖြိုးတိုးတက်ကြတယ်။ တင်စားပြောရမယ်ဆိုရင် မြစ်၊ ချောင်းတွေဟာ ကမ္ဘာကြီးရဲ့ သွေးကြော၊ သွေးမျှင်များနဲ့ တူတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ မြစ်တွေထဲမှာတော့ မိုင်ပေါင်း ၁၃ဝဝ ကျော် ရှည်လျားတဲ့ ဧရာဝတီမြစ်ကြီးဟာ အရှည်လျားဆုံးနဲ့ အထင်ရှားဆုံးပဲ။ မြန်မာပြည်မြောက်ဖြား ရေခဲတောင်တွေက စတင်ပြီး နိုင်ငံတခုထဲကို အလျားလိုက်ဖြတ်လို့ ဘင်္ဂလားပင်လယ်ထဲ စီးဆင်းသွားတာမို့ မြန်မာနိုင်ငံရဲ့ သွေးကြောမကြီးလို့လည်း တင်စားနိုင်တယ်။
မဟာမြစ်ကြီးဧရာဝတီဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ကိုယ်စားပြုတယ်။ ညီနောင်သွေးချင်း ရိုးမကြီးတွေ ဖြစ်တဲ့ ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းရိုးမတွေနဲ့ ပေါင်းဖွဲ့စုရုံးဝိုင်းရံပြီး အားကောင်းမောင်းသန် စီးဆင်းလို့ တင့်တယ်စွာ အကျိုးပြုအလှဆင်နေတာ ဖြစ်တယ်။
♦️ နိုင်ငံရဲ့ ဟိုးမြောက်ဖြားပိုင်း ကမ္ဘာ့အမြင့်ဆုံးကုန်းမြေ ရေခဲတောင်တွေဆီကနေ မြစ်ဖျားခံပြီး ရှင်းသန့်စွာ စီးဆင်းတဲ့ မြစ်မင်းဧရာဝတီဟာ သွေးချင်းသားရင်း ကချင်ညီအစ်ကိုတွေရဲ့ မြေကို ဖြတ်သန်းလို့ ပြည်ထောင်စုစိတ်ဓာတ်ကို စတင်သယ်ဆောင်လာခဲ့တာ ဖြစ်တယ်။
♦️ ဂျိမ်းဖောတိုင်းရင်းသားများက အင်မိုင်ခ လို့ခေါ်ကြတဲ့ မြန်မာအခေါ် မေခမြစ်ဟာ ခါကာဘိုရာဇီရဲ့ မြောက်ဘက်မျက်နှာစာ အမြင့်ပေ ၁၃,၀၀၀ ကျော်ရှိ ရေခဲမြစ်တွေမှာ မြစ်ဖျားခံလာတဲ့ မလောင်ဝမ် (အဒုံဝမ်) ချောင်းအဖြစ် စတင်ခဲ့ပြီး ခရီးမိုင်ပေါင်း ၂၂၀ ကို မလိခမြစ်ရဲ့ အရှေ့ဘက်မှ နှင်ခဲ့ပါတယ်။
♦️ ထို့အတူ မြောက်ဘက်စွန်း၊ အနောက်မြောက်ယွန်းယွန်းရှိ ပေ ၁၀,၀၀၀ ကျော်မြင့်တဲ့ ရေခဲ တောင်တန်းကြီးတွေရဲ့ တောင်ကျချောင်းအဖြစ် စတင်ပြီး မလိခူးနော်ဒေသမှာ (နမ်တီယု) မြစ်အဖြစ် မြစ်ဖျားခံစီးဆင်းလာတဲ့ မလိခ (မေလိခ) မြစ်ဟာလည်း ခရီးမိုင်ပေါင်း ၁၈၀ ကို မေခမြစ်ရဲ့ အနောက်ဘက်ကနေ ဖြတ်သန်းစီးဆင်းခဲ့ရတယ်။
♦️ မေခမြစ်ဟာ နောင်မွန်မြို့နယ်အတွင်းကနေ ခေါ်ဘူးဒဲမြို့၊ ဆော့လော်မြို့နယ်နှင့် ချီဗွေမြို့နယ်တို့ကို ဖြတ်သန်းပြီး အင်ဂျန်းယန်မြို့နယ်အတွင်း မြောက်လတ္တီကျု ၂၅ ဒီဂရီ၊ နိုင်ငံအနောက်မြောက်ဖျားရှိ ရေခဲတောင်တန်းတွင် မြစ်ဖျားခံလို့ တောင်ဘက်ကို စီးဆင်းလာတဲ့ မလိခမြစ်နဲ့ ပေါင်းဆုံတယ်။ အဲဒီမြစ်ကို ဂျိန်းဖောဘာသာနဲ့ 'မလိဇွပ်' လို့ ခေါ်ပါတယ်။ မြစ်ကြီးနားမြို့ အထက် ၂၈ မိုင် ၄ ဖာလုံအကွာမှာ ဧရာဝတီဟာ မီးရှူးသန့်စင် ဖွားမြင်ခဲ့တယ်။
♦️ အဲဒီကနေ သွေးချင်းသားရင်း နာဂ ဂဒူး ကနန်း၊ တိုင်းလိုင် ရှမ်းနီတွေ နေထိုင်ရှင်သန်ကြတဲ့ ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်သန်းစီးဆင်းလို့ ချင်းတွင်းမြစ်နဲ့ မိုးကောင်းချောင်း၊ မဲဇာချောင်းတို့ အနောက်ဘက်ခြမ်းကနေ စီးဝင်အားဖြည့်ကြသလို တောင်သုံးလုံးတောင်မှာ မြစ်ဖျားခံခဲ့တဲ့ မူးမြစ်ဟာ မြင်းမူမြို့အနီးမှာ မိခင်ဧရာဝတီမြစ်အတွင်းကို စီးဝင် အားဖြည့်ခဲ့ပြန်ပါတယ်။
♦️ တဖန် အရှေ့ဘက်ခြမ်းကနေ ကသာမြို့အောက်နားမှာ ရွှေလီမြစ်နဲ့ ဗန်းမော်မြို့ အထက်နားမှာ တာပိန်မြစ်တို့ စီးဝင်အားဖြည့်ကြတာမို့ မြစ်မင်းဧရာဝတီဟာ ပိုလို့သန်မာ ထွားကျိုင်းလာခဲ့တာ ဖြစ်တယ်။
♦️ ရှမ်းကုန်းမြင့်မြောက်ပိုင်းမှ စီးဆင်းလာတဲ့ နမ္မတူမြစ်နဲ့ ရှမ်းကုန်းမြင့်တောင်ပိုင်းမှ မြစ်ဖျားခံလာတဲ့ ဇော်ဂျီနှင့် ရမည်းသင်းနားက စမုံမြစ်ကနေ ဖြစ်လာတဲ့ ပန်းလောင်မြစ်တို့ဟာ မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်ဟာ မန္တလေးမြို့တောင်ဘက်မှာ အရှေ့ဘက်ကနေ စီးဝင်အားဖြည့်ခဲ့ပြန်ပါတယ်။
♦️ အဲဒီကနေ စီးဆင်းလာရင်း မြေလတ်ပိုင်းကို ရောက်လာတဲ့ ဧရာဝတီကို အနောက်ဘက်ကနေ ယောချောင်း၊ စလင်းချောင်း၊ မုန်းချောင်းနှင့် မန်းချောင်းတို့ စီးဝင်သလို ဆင်တဲဝချောင်း၊ ပင်းချောင်းနဲ့ ယင်းချောင်းတို့က အရှေ့ဘက်ကနေ စီးဝင် အားဖြည့်ကြပါတယ်။
♦️ အဲဒီက လွန်ခဲ့ပြန်တော့ အနောက်ဘက်ရခိုင်ရိုးမကနေ ဖြာထွက်လာတဲ့ တောင်စွယ်တွေမှာ မြစ်ဖျားခံလာကြတဲ့ မင်းတုန်းချောင်း၊ အရှေ့ဘက်ပဲခူးရိုးမတွင် မြစ်ဖျားခံခဲ့တဲ့ ဘွတ်ကြီးချောင်းနှင့် နဝင်းချောင်းတို့ဟာ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ခဲ့ကြပါတယ်။
♦️ ဧရာဝတီရဲ့ မြစ်ဝကျွန်းပေါ် လက္ခဏာရပ်အဖြစ် မြန်အောင်မြို့အနီးမှာ စတင်ဖြစ်ပေါ်လာခဲ့တယ်။ ဟင်္သာတမြို့အထက်နား ဧရာဝတီမြစ်ကြီးရဲ့ ပထမဆုံးနဲ့ အနောက်ဘက်အကျဆုံး မြစ်ခွဲဖြစ်တဲ့ ငဝန်(ပုသိမ်)မြစ် စပြီး ခွဲထွက်ခဲ့ပါတယ်။ အဲဒါရဲ့ အရှေ့ဘက်မှာ သက္ကယ်သောင်၊ ရွေး၊ပြန်မလော့၊ ပြင်စလူ၊ ဧရာဝတီမြစ်မကြီး၊ ဘိုကလေး၊ ဖျာပုံ၊ သံဒိနဲ့ တိုးမြစ်တို့ အသီးသီးခွဲထွက်ပြီးတဲ့နောက် ပင်လယ်တွင်းစီးဝင်ခဲ့ပါတော့တယ်။
♦️ ဧရာဝတီမြစ်ရဲ့ ရေဆင်းချိုင့်ဝှမ်းဟာ စတုရန်းမိုင်ပေါင်း ၁၅၈,၇၀၀ ကျယ်ဝန်းပြီး မြန်မာနိုင်ငံ အကျယ်အဝန်းရဲ့ ၆၁ ရာခိုင်နှုန်းကို လွှမ်းခြုံထားတာမို့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ကျောရိုးမဏ္ဍိုင်ကြီးသဖွယ် ဖြစ်ပါတော့တယ်။
♦️ နှစ်ပေါင်းသန်းချီကြာအောင် မဟာမြစ်ကြီးဧရာဝတီက ပို့ချလိုက်တဲ့ ဇီဝရုပ်ကြွင်းတွေကနေ ဖြစ်တည်လာတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့သိုက်ကြီးနဲ့ တချိန်က အာရှစပါးကျီဖြစ်ခဲ့ဘူးတဲ့ မြစ်ဝကျွန်းပေါ်ဆိုတဲ့ မြေနုနုန်းတွေဟာ မြစ်မင်းဧရာဝတီရဲ့ နို့ရည်စက်တွေ ဖြစ်ပါတယ်။ ဒီနို့ရည်စက်တွေသာမက ဧရာဝတီ သဘာဝဂေဟစနစ်ကြီးနဲ့အတူ လက်မောင်း လက်ရုံးသဖွယ် သံလွင်၊ စစ်တောင်း၊ ကစ္ဆပနဒီ စတဲ့ သွေးချင်းမြစ်တွေရဲ့ ဂေဟစနစ်တွေက ထွက်တဲ့ နို့ရည်စက်များစွာ ချိတ်ဆက်ပေါင်းစည်းလို့ လူ့အသိုင်းအဝိုင်းတခုအဖြစ် ရှင်သန်ခဲ့ကြတာပါ။
ဧရာဝတီကို မှီပြီး ဧရာဝတီမြစ်ရိုးတလျှောက်မှာ ကြီးကျယ်ခမ်းနားတဲ့ မြို့ပြနိုင်ငံကြီးတွေ၊ ယဉ်ကျေးမှု မြင့်မားတဲ့ လူ့အဖွဲ့အစည်းတွေ ထွန်းကားခဲ့လို့လည်း တေးရေးအဆိုတော် ထူးအိမ်သင်က ဧရာဝတီကို ‘ရာဇဝင်များရဲ့သတို့သမီး’ လို့ တင်စားခဲ့တယ် မဟုတ်လား။
မြေသြဇာအလွန်ကောင်းတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ အာရှရဲ့ စပါးကျီလို့လည်း တချိန်က တင်စားခဲ့ကြပါတယ်။ သောက်သုံးရေ၊ လယ်ယာစိုက်ပျိုးရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ငါး ပုစွန် စတဲ့၊ ရေထွက်ပစ္စည်း အစားအစာ စတဲ့ မြောက်မြားစွာသော အကျိုးတရားတွေ ဧရာဝတီမြစ်ကြီးဆီက ရနေတာ ဖြစ်တယ်။
ဧရာဝတီရဲ့ ဂေဟစနစ်နဲ့ အစာကွင်းဆက်တွေထဲမှာ မြန်မာနိုင်ငံသား သန်းပေါင်းများစွာနဲ့ ဧရာဝတီလင်းပိုင် အပါအဝင် ရှားပါးငါးမျိုးစိတ်တွေ၊ ကုန်းနေ၊ ရေနေသတ္တဝါမျိုးစုံနဲ့ ရှားပါးသစ်ပင်မျိုးစိတ် များစွာ မှီတွယ်နေထိုင်နေကြရတာ ဖြစ်ပါတယ်။
အေဒီ ၂ ရာစုကနေ ၁၁ ရာစုအတွင်း တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပုဂံ စတဲ့ ယဉ်ကျေးမှုမြင့်မားတဲ့ ပျူမြို့ပြနိုင်ငံများစွာဟာ ဧရာဝတီမြစ်ရိုးတလျှောက်မှာ ခမ်းနားထည်ဝါစွာ ပေါ်ထွန်းခဲ့လို့လည်း မြန်မာနိုင်ငံရဲ့သမိုင်းဟာ ဧရာဝတီရဲ့ ဝမ်းကြာတိုက်က မွေးဖွားလာတာလို့ ပြောရင် မှားမယ် မထင်ပါဘူး။
တို့တိုင်းပြည်ရဲ့ မိခင်နဲ့လည်းတူ၊ အသက်သွေးကြောမကြီးနဲ့လည်း တူတဲ့ ဧရာဝတီရဲ့ ဂေဟစနစ် မျှခြေနဲ့ ရေသံသရာမျှခြေကို မွှေနှောက်ချေဖျက်မဲ့ စီမံကိန်းတခုကို ၈၈ အာဏာသိမ်းစစ်အစိုးရနဲ့ တရုပ်အစိုးရပိုင်ကုမ္ပဏီ China Power Investment Corporation (CPI) တို့ဟာ ၂၀၀၇ ခုနှစ် မေလမှာ ရေအားလျှပ်စစ်ဓာတ်ထုတ်ဖို့ ဧရာဝတီဖျားနဲ့ မြစ်ဆုံမှာဆည်ကြီး ၇ ခုတည်ဆောက်ဖို့ သဘောတူညီချက် လက်မှတ်ထိုးခဲ့ကြပါတယ်။
ဒါပေမဲ့ ပြည်သူတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်ဆန္ဒပြမှုတွေကြောင့် မြန်မာအစိုးရက ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ မြစ်ဆုံဆည်စီမံကိန်းကြီးကို ၂၀၁၅ ခုနှစ်ထိ ရပ်ဆိုင်းထား ဖို့သဘောတူခဲ့ရပါတယ်။ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ကနေ ၂၀၂၀ ခုနှစ်အထိ မြစ်ဆုံဆည်စီမံကိန်းကို မလုပ်ဆောင်ခဲ့ပေမဲ့ ဒီစီမံကိန်းဟာ လုံးလုံးရပ်ဆိုင်းလိုက်တာ မဟုတ်လို့ အခုလို ၂၀၂၁ ခုနှစ်မှာ ပြည်သူ့ဆန္ဒကို အမြဲတမ်းဆန့်ကျင်ပြီး တိုင်းပြည်အာဏာကို လုယူခဲ့ကြတဲ့ စစ်အာဏာရှင်တွေ ဗိုလ်ကျနေတဲ့ကာလမှာ ကိုယ်ကျိုးသာ ကြည့်တတ်တဲ့ သူတို့ ရှင်သန်ရေးအတွက် ဒီစီမံကိန်းဆိုးကြီးကို တဖန်ပြန်အသက်သွင်းမလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။
ပညာရှင် သုတေသီများစွာက ဒီမြစ်ဆုံဆည်စီမံကိန်းရဲ့ ဆိုးကျိုးတွေကို ရှေ့က ရေးသား တင်ပြပြီးသွားပြီဖြစ်လို့ ဒီဆောင်းပါးမှာ အသေးစိတ် မပြောလိုပေမဲ့ အဓိကဆိုးကျိုးတွေကိုတော့ အနှစ်ချုပ်ပြချင်တယ်။
(၁) ဆည်ရေ ဖုံးသွားမယ့် ၂၉၅ ဒသမ ၈ စတုရန်းမိုင်အကျယ်ဧရိယာထဲက ရွာပေါင်း ၄၇ ရွာနဲ့ ကချင်ပြည်သူ တစ်သောင်းကျော်ဟာ အခြေပျက်၊ နေရာပျောက်သွားမယ်။
(၂) ကချင်လူမျိုးတွေရဲ့ အစားထိုးမရနိုင်တဲ့ သမိုင်းအစဉ်အလာ၊ တန်ဖိုး၊ အမွေအနှစ်နဲ့ နေရာဌာနတွေ ပျောက်ဆုံးသွားမယ်။
(၃) ဧရာဝတီရဲ့ ဂေဟစနစ်မျှခြေ ပျောက်ဆုံးမှုကြောင့်
(က) ဧရာဝတီလင်းပိုင်အပါအဝင် ရှားပါးငါးမျိုးစိတ်တွေ မျိုးသုဉ်းသွားမယ်။
(ခ) ရှားပါးသစ်ပင်မျိုးစိတ်တွေ မျိုးသုဉ်းသွားမယ်။
(ဂ) ဧရာဝတီကို မှီခိုရပ်တည်နေရတဲ့ လူအားလုံး ရဲ့အသက်မွေးဝမ်းကျောင်းမှု ဘဝတွေ ကပြောင်းကပြန် ဖြစ်မယ်။ ငါး၊ ပုစွန်နဲ့ ရေထွက်ပစ္စည်းတွေ ရှားပါးကုန်မယ်။
(၄) ဧရာဝတီရဲ့ ရေစီးရေလာပြောင်းလဲမှုကြောင့် ပင်လယ်ရေတွေ မြစ်ဝကျွန်းပေါ်ထိ တက်လာပြီး ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို ဖျက်ဆီးနိုင်တယ်။
(၅) ရေသံသရာမျှခြေ ပျောက်ဆုံးမှုနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် ရာသီဥတုဆိုးဝါးစွာ ပြောင်းနိုင်တယ်။
(၆) မြစ်ဆုံဆည်ဟာ ငလျင်ကြောပေါ်မှာရှိလို့ ဆည်ပြိုခဲ့ရင် အောက်မှာရှိတဲ့ မြစ်ကြီးနားမြို့ကြီးနဲ့ ရွာတွေ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ရေအောက် နစ်မြုပ်သွားနိုင်တယ်။
(၇) ထိမ်းချုပ်ထားတဲ့ ဆည်ရေကြောင့် နွေရာသီ ရေနည်းချိန်မှာ ဧရာဝတီမြစ်တွင်းရေကြောင့် သွားလာ မှုထိခိုက်ပြီး ကုန်စည်စီးဆင်းမှုနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ထိခိုက်လိမ့်မယ်။ မိုးတွင်း ရေကြီးချိန်မှာ မြစ်ကြောင်းပြောင်းနိုင်တယ်။ ရေလွှမ်းနိုင်တယ်။
(၈) သဘာဝရေစီးကို ထိန်းချုပ်လိုက်တာမို့ မြေသြဇာကောင်းတဲ့ နုန်းမြေပို့ချမှုတွေ နည်းပါးပြီး ဧရာဝတီမြစ်ရိုးတလျှောက် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်လိမ့်မယ်။
ဒါတွေကြောင့် လျှပ်စစ်ဓာတ်ထုတ်ဖို့အတွက် လေအား၊ နေရောင်ခြည်အား ဒီရေအား၊ ဇီဝလောင်စာ စွမ်းအင် (Biomass Energy) မြေအောက်အပူစွမ်းအား ပြန်လည်ပြည့်မြဲစွမ်းအင်( Renewable Energy) တွေနဲ့ရှာပြီး တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အား Energy လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါတယ်။
ဧရာဝတီကို လည်ပင်းညှစ် ဖျက်ဆီးမယ့် မြစ်ဆုံဆည် တည်ဆောက်ပြီး နိုင်ငံရဲ့အဓိကမဏ္ဍိုင် သွေးကြောမကြီးကို ပိတ်ဆို့ပြီး မြန်မာပြည်ကို နှလုံးရောဂါရအောင် စစ်အာဏာရှင်တွေ ပြန်လည်အားထုတ်လာခဲ့ရင် သိတတ်နားလည်တဲ့ ပြည်သူပြည်သားတိုင်းက ဝိုင်းဝန်းတားဆီးကြရမှာ ဖြစ်ပါကြောင်း။
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
Photo Credit