မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာအနီးက စစ်ကောင်စီရဲ့ အမှတ် ၄၀၂ အမြောက်တပ် လက်နက်တိုက်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့ (MTHSF) က ထုတ်ပြန်ပါတယ်။
အဲဒီအမြောက်တပ်ရဲ့ အနောက်ဘက်က လက်နက်တိုက်ကို နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့ကတော့ လက်နက်တိုက်အား တိုက်ခိုက်ပြီးနောက် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေ အဆိုအရ အမှတ် ၄၀၂ အမြှောက်တပ် အနောက်ဘက်က ဂိုထောင်တစ်ခုမှာ ပေါက်ကွဲသံကြားရကြောင်းနဲ့ လက်နက်တိုက် ဟုတ် မဟုတ်ကို မသိရဘူးလို့ ဆိုပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် အမှတ် ၄၀၂ အမြှောက်တပ် အနောက်ဘက်က ဂိုထောင်တစ်ခု ထိခိုက်ပျက်စီးသွားခဲ့ပေမယ့် လူထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ ပြောပါတယ်။
စစ်ကောင်စီ အမှတ် ၄၀၂ အမြောက်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် တတိယအပတ်ကလည်း ဗုံးပစ်သွင်းခံထားရပါတယ်။