စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားလေးရွာမှာ နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်းက ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရကာ နေအိမ် ၄ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝဲကြီးကျေးရွာဘက်မှ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ရမ်းသမ်း ပစ်ခတ်တာကြောင့် မိုးတားလေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“မိုးတားလေးဘက်ကို တက်လာတဲ့ စစ်တပ်နဲ့ KIA၊ PDF တွေ တိုက်ပွဲဖြစ်ကြတယ်။ စစ်တပ်က လှမ်းပစ်တာ မိုးတားရွာထဲ လက်နက်ကြီး ကျည်တွေကျပြီး အိမ် ၄ လုံးတော့ ပျက်စီးသွားတယ်။ ကျည်ယမ်းစထိမှန်ပြီး ကလေးတစ်ဦးလည်း ခေါင်းမှာ ဒဏ်ရာရတယ်၊ အိမ်တွေက မီးရှို့ခံရတာလည်း ရှိတယ်။”
ကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ်ကျည်များ ကျရောက်ပေါက်ကွဲတာ၊ နေအိမ်တွေ မီးရှို့ခံရတာကြောင့် ဒေသခံပြည်သူတွေ နီးစပ်ရာဆွေမျိုးတွေနဲ့ အခြားကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး နှစ်ဘက် အကျအဆုံးအထိအခိုက် စာရင်းကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံက ဆိုပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ကသာ၊ ကောလင်း၊ ပင်လည်ဘူး စတဲ့မြို့နယ်တွေမျာ အခုရက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။