Home
မြန်မာသတင်း
ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုဆက်လက်မြင့်မားနေ
DVB
·
November 8, 2021
252069147_1057325618394669_4252104752772762284_n

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက်မြင့်မားနေတယ်လို့ ဒေသခံ ကျန်းမာရေးလုပ်သားတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ ခုလပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးမှာ ရှမ်းပြည်နယ်က ဖြစ်ပြီး အဲဒီထဲက ဒီနိုဝင်ဘာလမှာ ကူးစက်မှုအများဆုံးမြို့နယ်က တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်က ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ဆီဆိုင်မြို့နယ်မှာ နိုဝင်ဘာ ၄ ရက်နေ့က ပိုးတွေ့သူ ၁၀၃ ဦး၊ ၅ ရက်နေ့က ၁၈၅ ဦး နဲ့ ၆ ရက်နေ့မှာ ၉၆ ဦးရှိပြီး ရှမ်းပြည်နယ်ထဲမှာ ကူးစက်မှုအများဆုံးဖြစ်နေတာပါ။ 

ကူးစက်မှုများတာကတော့ ကျေးလက်တောရွာတွေမှာဖြစ်ပြီး မြို့နယ်ကျန်းမာရေးဌာန၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကြက်ခြေနီသူနာပြုနဲ့ ပရဟိတအဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့က ကျေးရွာထဲထိ ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ  ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်ကနေ ၇ ရက်နေ့ထိ နောင်ကျော ကျေးရွာအုပ်စုတစ်ခုတည်းတင် ပိုးကူးစက်ခံရသူ ၁၃၃ ဦးတွေ့ခဲ့ကြောင်း၊ တချို့ရွာတွေမှာ အစစ်မခံဘဲ ထွက်ပြေးကြလို့ အဆင်မပြေဘူးလို့ မေတ္တာ ရောင်ခြည်လူမှုကူညီရေး ဘုရားဖြူ လူငယ်အဖွဲ့ ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အဖြစ်များတာကတော့ တောရွာတွေမှာပါ။ ကိုဗစ်-၁၉ ဖြစ်တာကို မယုံဘူး၊ Mask လည်း မတတ်ကြဘူး၊ ဘာလို့မတတ်လဲဆိုတော့ အကျင့်မရှိဘူး။ တောမှာအဲဒီရောဂါမရှိဘူးလို့ ငြင်းတယ်၊   ကနေ့မနက် ဘုရားဖြူရွာမှာသွားစစ်တာ အစစ်ခံ ၈၂ ယောက်ထဲက ၂ ယောက်ပိုးတွေ့တယ်၊  လွယ်ဆောင်နဲ့ လွယ်မွန်းရွာကို သွားစစ်တော့ သော့ခတ်ပြီး ထွက်ပြေးလို့ အဆင်မပြေခဲ့ဘူးဗျ။ သူကြီးကပါ ထွက်ပြေးတာ၊ မြို့ပေါ်မှာလည်း  အစစ်မခံတဲ့သူတွေရှိတယ်။ ဒါပေမဲ့  သူတို့နား လည်လာအောင် ထပ်ကြိုးစားမယ်၊ နောက်ထပ်သွားစစ်ပေးဖို့လည်းရှိပါတယ်။”

မြို့နယ်ထဲမှာ ပိုးတွေ့လူနာများတာနဲ့ ပတ်သက်ပြီး ဆီဆိုင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွဋ်ဦးကတော့ ပိုးတွေ့သူများတာဟာ စစ်ဆေးမှုများလို့သာဖြစ်ပြီး မြို့နယ်ရှိလူဦးရေရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင်တော့ များတယ်လို့ မဆိုသာကြောင်း၊ ဒါပေမဲ့ ကာကွယ်ထိန်းချုပ်ရေးကိုတော့ တောက်လျှောက်လုပ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ များတာက စစ်တာများလို့ပါ။ အများကြီးစစ်တော့ အများကြီးတွေ့တာ ပေါ့နော်၊ ပိုးတွေ့ရှိမှုနှုန်းကတော့ သိပ်မရှိပါဘူး။ စစ်တာများတော့ အရေအတွက် အများကြီး ထွက်တာပါ၊ များများစစ်ရင်တော့ များများတွေ့မှာပေါ့။ ရွာထဲကိုတော့ နေ့တိုင်းကွင်းဆင်းနေ တယ်။ အခက်အခဲကတော့ သိပ်မရှိပါဘူး။ အားလုံးဝိုင်းပြီးဆောင်ရွက်နေကြပါတယ်။” 

ဆီဆိုင်ဆေးရုံမှာ လက်ရှိတက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉ လူနာ ၂၆ ဦး၊ ပိုးကူးစက်ခံရပြီး ရောဂါမပြင်းထန်တဲ့ ပေါ့စ်တစ်စင်တာမှာတော့ ၅၀ ကျော်ရှိကြောင်း၊ သေဆုံးသူ ၃၀ ခန့်ရှိပြီး စုစုပေါင်းကူးစက်ခံရသူဦးရေနဲ့ ပျောက်ကင်းသူဦးရေအတိအကျကတော့  စာရင်းပြုစုတဲ့ဌာနမှာ မေးဖို့ ဆရာဝန်ကြီးက ပြောပါတယ်။  ဆီဆိုင်ဆေးရုံကတော့ စာရင်းအတိအကျထုတ်ပြန်ပေးမယ့်သူ မလာသေးဘူးလို့ ဖြေပါတယ်။

ဆီဆိုင်မြို့နယ် ကြက်ခြေနီနဲ့ သူနာပြုဒုတပ်ဖွဲ့မှူး ကိုမျိုးမင်းဆွေကတော့ သူတို့တာဝန်ယူရတဲ့ ပေါ့စ်တစ်စင်တာမှာ ပိုးတွေ့လူနာပေါင်း ၅၀၀ ကျော် လာရောက်နေထိုင်သွားပြီး လက်ရှိ ၅၃ ဦးသာကျန်ရှိကြောင်း ၊ ကျေးရွာတွေမှာ ပိုးတွေ့ပြီး ရောဂါလက္ခဏာမပြင်းထန်တဲ့သူတွေကို ရွာဘုန်းကြီးကျောင်းနဲ့ စာသင်ခန်းကျောင်းတွေမှာ သီးသန့်ခွဲထားကာ ကျန်းမာရေးဝန်ထမ်းတွေက သွားရောက်ကြည့်ရှုစစ်ဆေးပေးနေတယ်လို့ ပြောပါတယ်။ 

ဆီဆိုင်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၃ စုရှိပြီး နိုဝင်ဘာ ၁ ရက်နေ့မှ ၇ ရက်နေ့ထိ တစိတ်တပိုင်းလော့ဒေါင်းချထားရာမှာ ပိုးကူးစက်မှုရှိနေသေးတဲ့အတွက် လော့ဒေါင်းကာလကို နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်ထိ တိုးမြှင့်သတ်မှတ်ထားပါတယ် ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024