မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာက အခြေခံပညာ အထက်တန်းကျောင်းခွဲ အရှေ့မှာ နိုဝင်ဘာ ၇ ရက်နေ့ ညဦးပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ဒါဟာ သူတို့အဖွဲ့ရဲ့ လက်ချက် မဟုတ်ကြောင်း ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန် ရှင်းလင်းလိုက်ပါတယ်။
ဘီးလင်း PDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ချမှတ်ထားတဲ့ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
စာသင်ကျောင်းအရှေ့ ဗုံးပေါက်ကွဲမှုဟာ စစ်ကောင်စီဘက်မှ PDF နဲ့ EAO များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားဖို့ လုပ်ဆောင်လာတဲ့ လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး ဗုံးပေါက်ကွဲမှုဟာ ဘီးလင်း PDF နဲ့ လုံးဝ မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
စာသင်ကျောင်းအရှေ့ ဗုံးပေါက်ဟာ ညဦးပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာ ရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီက ဖွင့်ထားတဲ့ အခြေခံပညာကျောင်းတွေကို ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့ထိ တက်ရောက်သူ နည်းပါးနေသေးတယ်လို့ ဒေသခံတွေ ဆိုပါတယ်။