ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင် ၁၁ ခုမှာ အခုသီတင်းပတ်အတွင်း မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက ခန့်မှန်း ကြေညာထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ နိုဝင်ဘာ ၇ ရက်ကနေ ၁၃ ရက်နေ့အတွင်း ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင်တွေဖြစ်တဲ့ နခွန်ဆီသ မာရတ်၊ ဆန်တွန်၊ ဖတ်ထလန်၊ ဆုန်ခလာ၊ ဖတ်ဌာနီ၊ ယာလ၊ နရာသီဝပ်၊ ဆူရတ်ဌာနီ၊ ကရာဘိ၊ ရနောင်းနဲ့ ဖူးခက်ဒေသတွေမှာ ရေကြီးရေလျှံနိုင်တယ်လို့ ခန့်မှန်းထားတာပါ။
တပြိုင်တည်းမှာပဲ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်ကပိုင်းက မိုးသည်းထန်မှုကြောင့် ဆူရတ်ဌာနီ၊ နခွန်ဆီ သမာရတ်နဲ့ ကရာဘိခရိုင်တွေထဲမှာ ရေကြီးရေလျှံမှုတွေနဲ့အတူ အိမ်ထောင်စု ၁၄၃ စု ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသတွင်း အသေအပျောက်ရှိမရှိနဲ့ ပတ်သက်ပြီးတော့ မသိရသေးပဲ လက်ရှိမှာတော့ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို ရှင်းလင်းမှုတွေ စတင်လုပ်ဆောင်နေတယ် လို့ ဆိုပါတယ်။