Home
မြန်မာသတင်း
သုံးဆယ်မြို့တွင် ပြောက်ကျားဝတ်စုံဖြင့် လူမှုကွန်ရက်ပေါ် ဓာတ်ပုံတင်သူ ၁ ဦး ဖမ်းဆီးခံရ
DVB
·
November 8, 2021
248991503_1213006602526681_7924643678612890379_n

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ပြောက်ကျားဝတ်စုံနဲ့ လူမှုကွန်ရက်မှာ ဓာတ်ပုံတင်သူ ၁ ဦးကို နေထိုင်ရာနေအိမ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူမှာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက်၊ ဆရာစံမြိုသစ်၊ မန်ကျဉ်းပင်လမ်းမှာနေထိုင်တဲ့ ကိုဝင်းထွဋ်အောင် (ခေါ်) ချင်းချင်း ဆိုသူဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ပြောက်ကျားဝတ်စုံနဲ့ PDF Logo ပါဝင်တဲ့ ဓာတ်ပုံတင်ပြီး နိုဝင်ဘာ ၄ ရက်နေ့ည ၁၁ ခွဲဝန်းကျင်မှာ  ဖမ်းဆီးခံရတာလို့ နီးစပ်သူတွေဆီကသိရပါတယ်။

နီးစပ်သူတဦးက “သူ့ကို အိမ်မှာဝင်ဖမ်းတဲ့ညက စစ်သားတွေက သေနတ် ၃၊ ၄ ချက်ဖောက်တယ်။ ဖမ်းဝရမ်းမပါဘူး။ လာဖမ်းတဲ့စစ်သားတွေက သူ့လက်ကိုကြိုးတုပ် လေးဖက်ထောက်ပြီး အိမ်ရှေ့ထွက်ခိုင်းတာ မြင်မကောင်းဘူး” လို့ ပြောပြပါတယ်။

ဖမ်းဆီးခံရသူ ကိုချင်းချင်းကို ဖမ်းဆီးသွားစဉ် နေအိမ်ရှိ ဓားရှည် ၁ ချောင်း၊ ဖုန်း ၁ လုံးနဲ့ အဖိုးဖြစ်သူ မီးသတ်တာဝန်ထမ်းဆောင်ခဲ့စဉ်ကအသုံးပြုခဲ့တဲ့ ပေါက်ဆိန် ၁ လက်ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

“သူ့ကို သုံးဆယ်မြို့မရဲစခန်းထဲကိုခေါ်သွားပြီး စစ်ဆေးနေတယ်တဲ့။ PDF အဖွဲ့ကဆိုပြီးတော့လည်း ထုရိုက်ထားတယ်လို့သိရတယ်။ လက်ရှိသူ့ကို ရိုက်နှက်စစ်ဆေးခံထားရတာတွေရှိတော့ ဒဏ်ရာဒဏ်ချက်ကများတယ်။ သူ့အတွက် ဆေးဝါတွေပို့တာ ပထမတခါ သူ့ဆီမရောက်ဘူး။ ဒုတိယတခါမှရောက်တယ်” လို့ မိသားစုနဲ့ နီးစပ်တဦးက ပြောပြပါတယ်။

ကိုချင်းချင်းရဲ့နေအိမ်အတွင်းမှာ မူးယစ်ဆေးအပြား ၂၀ လောက် တွေ့ရှိသိမ်းဆည်းရမိတယ်လို့လည်း ဝင်ရောက်ဖမ်းဆီးရာမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

သုံးဆယ်မြို့မရဲစခန်းက တာဝန်ကျရဲအရာရှိတဦးက “ဟုတ်ပါတယ်။ ကိုဝင်းထွဋ်အောင်ရဲ့ နေအိမ်အတွင်းက မူးယစ်ဆေးပြား ၂၀ ခန့် တွေ့ရှိပါတယ်။ သူ့ကိုတော့ ဆေးမှုနဲ့ပဲအမှုဖွင့်ဖို့ အမှုတည်ဆောက်နေပါတယ်။ ကျနော်တို့ကတော့ ဆေးမှုနဲ့ပတ်သက်တာပဲ စစ်တာဗျ။ ကျန်တာကတော့ စစ်သားတွေစစ်နေတာ။ ကျနော်တို့မသိရဘူး” လို့ ဖြေဆိုပေမယ့် ပထမသတင်းပေးတိုင်တန်းချက် (FIR) (ပ) နံပါတ်ကိုတော့ ပြောဆိုဖို့ ငြင်းဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုဝင်းထွဋ်အောင် (ခေါ်) ကိုချင်းချင်းဟာ ဟင်္သာ-သတင်းအေဂျင်စီမှာလည်း သာယာဝတီနယ်မြေခံသတင်းထောက်အဖြစ် သတင်းရေးသားပေးပို့ခဲ့သူတဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024