ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ အောင်မင်္ဂလာ ၄ လမ်းထိပ်၊ ဓမ္မသုခမင်းကျောင်းအနီးက အကြမ်းဖက်စစ်ကောင်စီရဲ့ Mytel တာဝါတိုင်ကို နိုဝင်ဘာ ၇ ရက်နေ့ ည ၉ နာရီခွဲ ဝန်းကျင်မှာ ဗုံးဖောက်ခွဲဖျက်ဆီးခံရပြီး လာစစ်တဲ့ရဲကားလည်း ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုမြို့ခံတဦးက “Mytel တိုင်ဗုံးကွဲလို့ ရဲကား ၁ စီးသွားပြီး သိပ်မကြာဘူး။ ဗုံးကွဲသံ ထပ်ကြားရတာ။ ရဲကားတော့ ကားမှန်တွေကွဲကုန်တယ်လို့တော့သိရတယ်။ ရဲတွေ ထိ၊ မထိတော့ မသိရသေးဘူး။ စစ်ကားတွေနဲ့စစ်သားတွေတော့ ရောက်လာတယ်။ ဆူညံလို့ပဲ” လို့ ပြေပါတယ်။
အဆိုပါဖောက်ခွဲမှုကို မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (M-PDF) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မင်းလှမြို့နယ်မှာ Mytel တာဝါတိုင် ၃ တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ M-PDF တာဝန်ခံ ဗိုလ်ရာဇာတူးတူးက အတည်ပြုပြောဆိုပါတယ်။
ရဲကားဗုံးဖောက်ခွဲခံရတာနဲ့ပတ်သက်ပြီး ထိခိုက်မှုအသေးစိတ်သိရှိနိုင်ဖို့ မင်းလှမြို့နယ်၊ မြို့မရဲစခန်းကို ဒီဗွီဘီက ညတွင်းချင်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးတဲ့အတွက် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုကို ဆက်လက်စုံစမ်းနေပါတယ်။