Home
မြန်မာသတင်း
ရေစကြိုက ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ စစ်သင်တန်းတက်
DVB
·
November 7, 2021
252362629_1212396992587642_9055487372211841623_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ရပ်ကွက်ကျေးရွာတချို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရေစကြိုအခြေစိုက် တပ်ရင်းတခုထဲမှာ တိမ်းရှောင်နေရင်း စစ်သင်တန်းတက်ရောက်နေတယ်လို့ သိရပါတယ်။

စစ်သင်တန်းတက်ရောက်နေကြတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရမှာ စိုးရိမ်ကြတဲ့အတွက် ရေစကြိုအခြေစိုက် အမှတ် ၂၅၈ တပ်ရင်းထဲကို တိမ်းရှောင်ခိုလှုံကြရင်း စစ်သင်တန်းတက်ရောက်နေကြတာလို့ သိရပါတယ်။

အမှတ် ၂၅၈ တပ်ရင်းနဲ့နီးစပ်သူတဦးက “အဲ့ဒီအုပ်ချုပ်ရေးမှူးတွေရဲ့အမျိုးတွေက တပ်ထဲမှာရှိကြတယ်။ သူတို့ဘဝတွေက အပြင်မှာမလုံခြုံတော့ဘူးထင်ကြလို့ တပ်ထဲကို ပြောင်းလာကြတာ။ တဦးချင်းလည်းပါသလို မိသားစုလိုက်လည်းပါတယ်။ တပ်ထဲရောက်တော့ အလကားမထားဘူး။ စစ်သင်တန်းပေးတာပေါ့” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်စု ၈၉ ခုရှိပြီး အုပ်ချုပ်ရေးမှူး ၅၆ ဦးက ရာထူးကနေနုတ်ထွက်ထားကြကာ ကျန်တဲ့အုပ်ချုပ်ရေးမှူးတွေက ဆွေမျိုးတွေရှိရာ အခြားမြို့နယ်တွေကို ရှောင်ပြေးနေကြသလို တချို့က တပ်တွေထဲကို ပြောင်းရွှေ့ပုန်းခိုနေကြတယ်လို့ သိရပါတယ်။

“တစ်နေ့တစ်ခြား အသေများလာပြီး အင်အားချည့်နဲ့လာတဲ့ အကြမ်းဖက်စစ်တပ်မှာ အဲ့ကောင်တွေကို အသုံးချဖို့ စစ်သင်တန်းပေးနေတာဖြစ်နိုင်တယ်။ CDM ဝန်ထမ်းတွေ၊ NLD ပါတီဝင်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့သတင်းတွေ စစ်တပ်ကိုပေးပြီး အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်အောင် သတင်းပေးဒလန်လုပ်ခဲ့ပြီး အခြေအနေမကောင်းလို့ စစ်တပ်ထဲကို မိသားစုလိုက်ပြောင်းရွှေ့နေထိုင်ကြတာပဲ” အမည်မဖော်လိုကြတဲ့ဒေသတစ်ဦး ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၂၅၈ တပ်ရင်းထဲမှာ စစ်သင်တန်းတက်ရောက်နေကြသူတွေဟာ ဇီးတောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုဝင်းမြင့်အောင်၊ မင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုမျိုးဝင်းခိုင်၊ ဟင်္သာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုအောင်နိုင်မိုး နဲ့ အုပ်ချုပ်ရေးမှူးရာထူးကနေနုတ်ထွက်စာတင်ထားသူတချို့အပါအဝင် အင်အား ၃၀ ဝန်းကျင်ရှိတယ်လို့ တပ်တွင်းကလာတဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒါ့အပြင် ရေစကြိုမှာအခြေစိုက်တဲ့ အခြားတပ်ရင်းတွေထဲမှာလည်း အခုလိုသင်တန်းတက်ရောက်နေသူတွေ ရှိနေသေးတယ်လို့ ဒေသခံတွေဆီကသိရပြီး အတည်ပြုနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “ပြည်သူဘက်မှာမရပ်တည်ဘဲ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းရပ်တည်သွားကြတဲ့ ဘယ်သူ့ကိုမဆို ဘယ်အချိန်မှာပဲဖြစ်ဖြစ် ချေမှုန်းသုတ်သင်ရမှာကတော့ ကျနော်တို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ဖြစ်တယ်။ ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီခြေလှမ်းတွေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဒေသကာကွယ်ရေးတပ်တွေဆီကို အမြန်ဆုံးသတင်းပေးပို့ကြဖို့လည်း အထူးလိုအပ်ပါတယ်” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရတာကြောင့် သေဆုံးထိခိုက်မှုတွေရှိနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ဒေသခံပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကို ဝင်ရောက်စီးနင်းကာ ပစ္စည်းတွေယူဆောင်သွားတာ၊ လူနေအိမ်တွေမီးရှို့တာ၊ အိမ်ထောင်ပစ္စည်းတွေကို ဖျက်ဆီးသွားတာတွေနဲ့ ဒေသခံတချို့ကိုလည်း ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024