ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ရုပ်ဆိုင်ကျေးရွာမှာ အထက်တန်းကျောင်းအုပ်ဆရာမကြီးက ကလေးတွေကျောင်းပြန်တက်ဖို့အတွက် မိဘတွေကို ဖိအားပေးနေတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာလ ၁ ရက်နေ့က စတင်ကာ နိုင်ငံတဝှမ်းက ကျောင်းတွေကို ပြန်လညဖွင့်လှစ်ခဲ့ပေမယ့် ရုပ်ဆိုင်ကျေးရွာမှာ ကျောင်းတက်သူ အရေအတွက် ၁၄ ဦးသာ ရှိတာကြောင့် ခုလို မိဘတွေကို ဖိအားပေးပြီး ကလေးတွေကို ကျောင်းပြန်တက်ဖို့ ပြောဆိုနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“စဖွင့်တဲ့ရက်က ၁၄ ယောက်ပဲတက်တဲ့ အဲ့ဆရာမကြီးက ကျောင်းမတက်တဲ့ ကလေးတွေကို စာမေးပွဲပေး မဖြေဘူးဆိုပြီး မိဘတွေကိုပြောပြီး ဖိအားပေးတယ်၊ ပြီးတော့ CDM လုပ်တဲ့ဆရာ ဆရာမတွေကိုလည်း ဖိအားပေးပြန်ခေါ်ထားတယ်” လို့ ဒေသခံကျောင်းသား မိဘတဦးက ပြောပါတယ်။
ရုပ်ဆိုင်ကျေးရွာ အထက်တန်းကျောင်းအုပ်ဆရာမကြီးရဲ့ ဖိအားပေးမှုတွေကြောင့် ကျောင်းသား ဦးရေးဟာ အစပိုင်းမှာ ၁၄ ဦးရှိခဲ့ပေမယ့် နိုဝင်ဘာ ပထမပတ်မှာတင် အယောက် ၆၀ လောက်ရှိလာတယ်လို့ ဆိုပါတယ်။
ဘိုကလေးမြို့မှာ စစ်ကောင်စီရဲ့ဖိအားပေးမှုနဲ့အတူ နိုဝင်ဘာ ၁ ရက်နေ့က စတင်ကာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် အများစုကတော့ ကျောင်းလာတက်တဲ့ ကျောင်းသားမရှိဘဲ ဆရာ၊ ဆရာမတွေသာ ရှိနေတယ်လို့ သိရပါတယ်။