မွန်ပြည်နယ်၊ ရေးမြို့မှာ စစ်ကောင်စီနဲ့ ဆက်နွှယ်သူ တယောက် ပစ်ခတ်ခံရပြီးတဲ့နောက် အခုရက်ပိုင်းမှာ သံသယရှိတဲ့သူ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ၆ ဦးကို ရေး PDF နဲ့ ပါဝင်ပတ်သက်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးတာလို့ အမည်မဖော်လိုတဲ့ မြို့ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က ရေးမြို့မှာ စစ်ကောင်စီနဲ့ ဆက်နွှယ်သူ ဦးဇော်ဝင်းက နေအိမ်မှာရှိနေစဉ် ရေး PDF ပြောက်ကျား အထူးတပ်ဖွဲ့က လက်နက်ငယ် ၅ ချက်နဲ့ ပစ်ခတ်ခဲ့ရာမှာ ခြေထောက်အောက်ပိုင်းသာ ထိမှန်ပြီး မော်လမြိုင် ခုတင် ၃၀၀ ဆံ့စစ်ဆေးရုံမှာ အရေးပေါ်ကုသခံယူနေရတာပါ။
စစ်ကောင်စီရဲ့ ထောက်တိုင်တွေ၊ Non CDM သမားတွေ၊ စစ်တပ်ကို အလုပ်အကျွေးပြုနေတဲ့ အုပ်ချုပ်ရေးမှူးတွေ လက်ရှိရာထူးကနေ နုတ်ထွက်ပေးကြဖို့နဲ့ စစ်ကောင်စီနဲ့ မပတ်သက်ဖို့ သတိပေးထားပြီး မလိုက်နာသူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ ရေး PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။