စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်အတွင်းက မိုင်တဲလ်တာဝါတိုင်နှစ်တိုင်ကို နိုဝင်ဘာ ၄ ရက် ည ၉ နာရီလောက်မှာ ဒေသခံပြည်သူ့တပ်ဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
အရာတော်အရှေ့ပိုင်း ဝက်ခဲကျေးရွာက အကြမ်းဖက်စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို အရာတော်တော်လှန်ရေးအင်အားစု (ARA) ရဲ့ ဗိုလ်ရောင်နီတပ်ဖွဲ့ကဖေါက်ခွဲဖျက်ဆီးခဲ့ပြီး ငါးရဟိုး ကျေးရွာအနီးရှိ မိုင်တဲလ်တာဝါတိုင်ကို Falcon Force(စွန်ရဲတပ်ဖွဲ့)က ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အရာတော်မြို့နယ်တွင်းက ဒေသခံပြည်သူ့တပ်ဖွဲ့တွေရဲ့ ဖျက်ဆီးဖောက်ခွဲမှုကြောင့် မြို့နယ်တွင်းရှိ မိုင်တဲလ်တာဝါတိုင် ၁၀ တိုင်ထက်မနည်း ပျက်စီးသွားပြီလို့ ARA က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာလည်း အရာတော်မြို့နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်တာတွေပြုလုပ်နေပြီး တောထဲက လူငယ်ကိုလည်း ဖမ်းဆီး လမ်းပြလုပ်ခိုင်းနေတယ်လို့ သိရပါတယ်။