ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့နယ်လျှပ် စစ်အင်ဂျင်နီယာရုံးအနီးမှာ နိုဝင်ဘာ ၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်က အသံဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ဒီနေ့ မနက် ဆယ်နာရီလောက်က အီးပီစီရုံးနဲ့ လမ်းမ အလယ်ကျွန်းမျှောပေါ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်။ အသံဗုံးလို့တော့ သိရတယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အခု တောင်ကြီး EPC ရုံးအနီး ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘဲ စစ်အာဏာရှင်ယန္တရားသက်ဆိုးရှည်အောင် ထောက်ပံ့နေတဲ့သူတွေကို အသိပေးတဲ့အနေနဲ့ ဖောက်ခွဲမှုပြုလုပ်တာလို့ ဒေသတွင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တစ်ခုက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တောင်ကြီးမြို့ပေါ်မှာရှိတဲ့ ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နေအိမ်၊ ရှမ်းပြည်နယ်စည်ပင်သာယာ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း နေအိမ်ခြံဝန်းအတွင်းနဲ့ လားရှိုးမြို့ပြည်ခိုင်ဖြိုးပါတီရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာလကစတင်ပြီး ရှမ်းပြည်နယ်အတွင်းက တောင်ကြီး၊ လားရှိုး၊ မူဆယ်အပါအဝင် မြို့ကြီးတချို့မှာ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။
ရှမ်းပြည်နယ်အတွင်း ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်တာမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။