Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း လက်အိတ်စက်ရုံက ဆန္ဒပြအလုပ်သမားများ တောင်းဆိုချက် အားလုံးနီးပါးရရှိ
DVB
·
November 5, 2021
250841743_4552708691480675_1334867458019752087_n
249904569_4552707824814095_6083386535677566159_n
253311195_4552708678147343_7172091023006948989_n
252712702_4552708514814026_4145068162669874474_n
252474601_4552708628147348_4604686959188160624_n
251326329_4552708668147344_7421331742276034107_n

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ရှိ INNOVATIVE GLOVES CO, LTD လက်အိတ် စက်ရုံမှာ အလုပ်သမားအခွင့်အရေးရရှိရေးရရှိရေးအတွက် မနေ့မနက်က ရာနဲ့ချီတဲ့ အလုပ်သမားတွေ ဆန္ဒပြခဲ့ပြီး တာဝန်ရှိသူတွေက သွားရောက်ညှိနှိုင်းပေးရာမှာ တောင်းဆိုချက် ၁၃ ချက်ထဲက ၁၂ ချက် သဘောတူညီမှုရှိခဲ့ပါတယ်။ 

အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြဿနာကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ MWRN (ဟတ်ယိုင်တာဝန်ခံ)၊ မြို့နယ်အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာန၊ ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ (SERC)၊ ပြည်ထဲရေးဌာန (ဟတ်ယိုင်ရုံး) တာဝန်ရှိသူတွေ ရောက်လာပြီး ကုမ္ပဏီတာဝန်ခံ၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ မျက်နှာချင်း ဆိုင်ဆွေးနွေးညှိနှိုင်းရာမှာ ၁၂ ချက်သဘောတူချက်ရခဲ့ပြီး ကျေနပ်အားရမှုရှိတယ်လို့ စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ ကိုမျိုးဆွေဝင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“လာပြီးညှိနှိုင်းပေးတဲ့ အလုပ်သမားကူညီရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့တောင်းဆိုတဲ့ ၁၃ ချက်ထဲက ၁၂ ချက်၊ မလိုက်လျောနိုင်တဲ့ တစ်ချက်က အလုပ်သမားတွေကိုအော်ငေါက်လွှတ်တဲ့ မန်နေဂျာကိုအလုပ်ဖြုတ်ပေးဖို့ပေါ့။ သူတို့ က အဲဒီမန်နေဂျာဟာ စက်ရုံအစုရှယ်ယာဝင်ထားလို့ ဖြုတ်လို့မရဘူးလို့ ပြောတယ်။ ကျနော်တို့ လည်း ကျန်တာတွေ သဘောတူချက်ရတဲ့အပေါ် ဝမ်းသာပါတယ်။ ကျေနပ်အားရပါတယ်။ ဒါပေမယ့် ဘယ်နေ့ဘယ်ရက်ကစ အကောင်အထည်ဖော်မလဲဆိုတာတော့ မသိရသေးဘူး။ စောင့်ကြည့်ရဦးမယ်။”

သဘောတူညီချက်ရတဲ့ အချက်တွေမှာ အလုပ်သမားကျန်းမာရေးအတွက် ၂၄ နာရီအရေး ပေါ်ကားနဲ့ စကားပြန်ထားပေးဖို့၊ စက်ရုံမှာ ကျန်းမာရေးဝန်ထမ်း (နာ့စ်)  ၂၄ နာရီထားရှိဖို့၊  အလုပ်နားရက်အလုပ်ဆင်းက လုပ်အားခ ၂ ဆရဖို့၊ အချိန်ပိုလုပ်ခ တစ်နာရီဘတ် ၆၀ ပေးဖို့၊ စက်ရုံက သိမ်းထားတဲ့ အလုပ်သမားကတ်နဲ့ ဘဏ်စာအုပ်တွေပြန်ပေးဖို့၊ စက်ရုံအပြင်ဘက်မှာ ဈေးထွက်ဝယ်ခွင့်ပြုဖို့ စတာတွေ ပါဝင်ပါတယ်။ 

ဒါ့အပြင် ကိုဗစ်ပိုးတွေ့လူနာနဲ့ ပိုးမတွေ့သူ အတူမထားဖို့၊ စက်ရုံကပေးထားတဲ့အခန်းခ ဘတ် ၁၀၀၀ ကို မဖြတ်ဖို့၊ ထွက်စာကို အမှန်အတိုင်းထုတ်ပေးဖို့၊ စက်ရုံထဲမှာ အလုပ်သမား ကိုယ်စားလှယ်ထားပေးဖို့၊ ဆေးခွင့်ယူက လုပ်အားခမဖြတ်ဖို့၊ အလုပ်သမားနေတဲ့အခန်းမှာ ကြပ်တည်းတဲ့အတွက် တစ်ခန်း ၂ ယောက်သာထားဖို့ စတဲ့အချက်တွေ သဘောတူခဲ့ပါတယ်။  

အဆိုပါ လက်အိတ်စက်ရုံမှာ အလုပ်သမားစုစုပေါင်း ၆၀၀ မှ ၇၀၀ ထိရှိပြီး အများစု ၉၀ ရာခိုင်နှုန်းမှာ မြန်မာအလုပ်သမားတွေဖြစ်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024