ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ အမှတ် ၁၅ ရပ်ကွက်မှာ နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက စစ်သားဟောင်းတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အမှတ် ၁၅ ရပ်ကွက်မှာ နေထိုင်တဲ့ စစ်သားဟောင်း လူမင်းဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့က ညနေ ၆ နာရီလောက်မှာ သေနတ်နဲ့ ၂ ချက်ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“သူက စစ်ဆေးဆရာဝန်လား၊ ဆေးမှူးလားတော့ သေချာမသိဘူး။ အဲ့ကနေ ပင်စင်ယူထားတာ ညတိုင်းလိုလို ဧည့်စာရင်းလိုက်စစ်နေတာ။ ဒီနေ့တော့ သူဆိုင်ကယ်နဲ့ လာတဲ့အချိန် ပစ်သွားတာ ဦးထုတ်ပါ ပေါက်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ရပ်ကွက်ထဲဝင်ပြီး ဆဲဆိုကြိမ်းမောင်းကာ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ပစ်ခတ်ခဲ့တဲ့ လက်နက်ကိုင်တွေကတော့ စစ်အုပ်စုရောက်မလာခင် ရှောင်တိမ်းသွားတာကြောင့် လွတ်မြောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖျာပုံမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အမာခံသတင်းပေးတွေ ရှင်းလင်းခံရတာ ၂ ဦးထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။