စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ် ၃ စီးကို နိုဝင်ဘာ ၄ ရက် ညနေ ၅ နာရီခွဲလောက်က ဒေသခံပြည်သူကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရေဦးမြို့နယ် တင်းတိန်ရံကျေးရွာက လူငယ် ၆ ဦး ဖမ်းပြီးလာတဲ့ စစ်ကောင်စီကားကို ပျံကျကျေးရွာနားမှာ တစ်ကြိမ် မိုင်းဆွဲတယ်ဗျ။ အဲဒီအကြိမ် ကားတန်းကို သိပ်ပြီး မထိ လိုက်ဘူး။ နောက်တစ်ကြိမ်စိုင်ပြင်နားမှာ ထပ်ဆွဲတယ်။ ဒီအကြိမ်ကတော့ အထိခိုက်ကတော့များမယ်။ ဘယ်လောက်ကျမယ်ဆိုတာကတော့ မသိရသေးဘူးဗျ။ ကျနော်တို့ ဘက်ကတော့ အကျဆုံး မရှိဘူး။ အဝေးထိန်းမိုင်းဆွဲတာဆိုတော့။ ဒီကောင်တွေ အခုအချိန်အထိ မိုင်ဆွဲရာ နေရာဘဲ ရှိနေသေး တယ်”လို့ ဒေသခံခေါင်းဆောင်တစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်တစ်နေရာမှာလည်း နိုဝင်ဘာ ၃ ရက်ညပိုင်း ၈ နာရီလောက်က လူ ၃ ဦး ဗုံးထိမှန် သေသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စက်မှုဇုန်ရပ်ကွက်လမ်းတစ်နေရာမှာ ထောင်ထားတဲ့ဗုံးက လူ ၃ ဦး ဖြတ်သွားချိန် ပေါက်ကွဲခဲ့ပြီး နေရာမှာသေသွားတယ်လို့ အနီးဝန်းကျင်နေသူ တစ်ဦးက ပြောပါတယ်။
“အခု ဗုံးက စစ်ကောင်စီဘက်ထောင်ထားတဲ့ ဗုံးဖြစ်တယ်။ အခုဗုံးကွဲတာ အများပြည်သူသွားတဲ့ လမ်းမှာကွဲတာ။ အခုအလောင်းကို ဒီမနက်ပိုင်းစစ်ကောင်စီတပ်တွေ လာယူသွားတယ်” ဒေသခံ တစ်ဦးက ဆိုပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားသူတွေ ပတ်သက်ပြီး သေသေချာချာ မသိရသေးပါဘူး။
စစ်ကောင်စီတပ်တွေက အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ ရေးဦး၊ တန့်ဆည်၊ ဒီပဲယင်းစတဲ့ မြို့နယ်တွေကို သိသိသာသာ အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေကာ ဒေသခံကျေးရွာတွေကို ဝင်ရောက်တပ်စွဲထားပါတယ်။
ဒါ့အပြင် ကျေးရွာသားတွေရဲ့ပစ္စည်းမှန်သမျှ ဖျက်ဆီးခံနေရပြီး စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်း ကျွန်းလှမြိုနယ်အတွင်း လေယာဉ်တွေပါအသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ရဲ့ ပြောပြချက်အရသိရပါတယ်။