ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့၊ ရပ်ကွက် -၂ (ခ) စခန်းသာမှာ နေထိုင်တဲ့ ကိုသက်ရာကျော်ကို နိုဝင်ဘာ ၁ ရက်နေ့ညက စစ်ကောင်စီတပ်က ကား ၅ စီးနဲ့ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူက ပြောပါတယ်။
“လာဖမ်းတာက ည ၁၂ နာရီကျော်လောက် ဖြစ်မယ်။ သက်ရာကျော် ဘယ်သူလဲ၊ စစ်မေးစရာရှိလို့ဆိုပြီး လာဖမ်းတာ၊ အိမ်သားတွေရဲ့ ဖုန်းတွေလည်း သိမ်းခံလိုက်ရတယ်။ အဲဒါပြီးတော့ ကိုသက်ရာကျော်ကို မျက်နှာအဝတ်စည်းပြီး ဖမ်းခေါ်သွားတာပဲ” လို့ နီးစပ်သူတွေက ဆိုပါတယ်။
ကိုသက်ရာကျော်ကို စစ်ကောင်စီက ဘာနဲ့အမှုနဲ့ဖမ်းဆီးတယ်ဆိုတာနဲ့ လက်ရှိ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဖမ်းဆီးသွားခံရတဲ့ ကိုသက်ရာကျော်မှာ အသက် ၁၃ နှစ်အရွယ် သမီးတစ်ယောက်နဲ့ ၇ နှစ်အရွယ် သားတစ်ယောက်ရှိတယ်လို့ သိရပါတယ်။