ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ဝှဲကျေးရွာကို နိုဝင်ဘာ ၃ ရက် ဒီကနေ့ မနက် ၁၁ နာရီလောက်စပြီး စစ်ကောင်စီတပ်က မီးရှို့နေတယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွယ်ဝှဲကျေးရွာဘက်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာမှုကြောင့် မနေ့ နိုဝင်ဘာ ၂ ရက်နေ့က ကရင်နီ တပ်မတော်(KA)၊ KNDF ၊ PDF (ဖယ်ခုံ)၊ PDF (မိုးဗြဲ) ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စစ်တပ်ဘက်က ၅ ဦး သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဘက်က ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲကြောင့် လွယ်ဝှဲကျေးရွာ ဒေသခံအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီးနောက် အဲဒီရွာကို စစ်ကောင်စီတပ်က တပ်စွဲထားခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီလောက်မှာတော့ အဆိုပါရွာမှာ မီးခိုးတွေထွက်ပြီး မီးလောင်နေတာကို အဝေးကနေသာ မြင်နေရပြီး အနီးကပ်မသွားရဲကြဘူးလို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါဒေသမှာ ၂ လအတွင်း တတိယအကြိမ်မြောက်ဖြစ်ပွားတဲ့ စစ်ပွဲကြောင့် ဖယ်ခုံမြို့ ခေါင်းအိကျေးရွာအုပ်စုအတွင်းရှိ လွယ်ဟွဲရွာ၊ လွယ်လုံရွာ၊ စက်တော်ရွာနဲ့ ခေါင်းအိရွာတို့မှ ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ Kayan Rescue Committee -KRC က ထုတ်ပြန်ထားပါတယ်။
ကရင်နီ (ကယားပြည်နယ်မှာ) ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် KA၊ KNDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပေါင်း ၉၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က နိုဝင်ဘာလ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲကြောင့် အရပ်သား ပြည်သူ ၉၉ ဦး သေဆုံးပြီး၊ စစ်ကောင်စီဘက်က ၃၉၉ သေဆုံးသွားသလို KNDF/KA အဖွဲ့က သေဆုံးသူ ၃၀ ဦးရှိကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် နေအိမ် ၃၇၆ လုံး ပျက်စီးခဲ့ရပြီး လူပေါင်း၁၅၉ ဦး ဖမ်းဆီးခံထားရကြောင်း PKPF က နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။