မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာရှိ လူနေအိမ်တွေကို စစ်ကောင်စီတပ်တွေ စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းက မီးရှို့ပြီး၊ တောင်ဘက်ကျေးရွာအတွင်းရှိ လူနေအိမ်တံခါးတွေကို ဖျက်ဆီးကာ အသုံးအဆောင်ပစ္စည်းတွေ သယ်ယူနေတယ်လို့ သိရပါတယ်။
ဝန်ခြုံးကျေးရွာဒေသခံတဦးက ''အကြမ်းဖက်စစ်တပ်ကရွာမှာ တပ်စွဲထားတာကြာပြီ။ ရွာသားတွေကတော့ တောတောင်တွေထဲမှာပေါ့။ သူတို့က ရွာထဲမှာရှိနေတဲ့ အိမ်တွေက ရိက္ခာတွေ ယူစားတဲ့အပြင် ဒီနေ့ဆိုရင်လည်း ရွာကိုမီးရှို့ပြန်ပြီ။ တော်တော်လူသားမဆန်တဲ့လုပ်ရပ်တွေပါ'' လို့ ပြောပါတယ်။
ပေါက်မြို့နယ်အတွင်းက တောင်ဘက်ကျေးရွာကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
တောင်ဘက်ကျေးရွာ ဒေသခံတဦးက ''ဒီနေ့နေ့လယ်ကတည်းက ရွာကနေပြေးလာရတာ။ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ရွာထဲဝင်လာပြီး တူတွေ၊ ပေါက်ဆိန်တွေနဲ့ အိမ်တိုင်းလိုလို တံခါးတွေဖျက်ပြီး ပစ္စည်းတွေကို လူမှုကူညီရေးကားနဲ့ ခေါက်တုန့်ခေါက်ပြန် သယ်နေပါတယ်။ သေနတ်တွေနဲ့လည်း ရမ်းပစ်နေတယ်'' လို့ ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပေါက်မြို့နယ်ထဲက ဝန်ခြုံးကျေးရွာကို ဇူလိုင်လ ၃၁ ရက်နေ့က ကျေးရွာအတွင်းရှိ လူနေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အင်အား ၇၀ ဝန်းကျင်နဲ့ ကျေးရွာမှာ တပ်စွဲထားလို့ ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီး တောတောင်တွေထဲမှာ ဒုက္ခမျိုးစုံနဲ့ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။