ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ဝှဲကျေးရွာအနီးမှာ နိုဝင်ဘာ ၂ ရက် ဒီကနေ့ မွန်လွဲပိုင်းက စစ်ကောင်စီတပ်နဲ့ ဖယ်ခုံ PDF ၊ KNDF တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
လွယ်ဝှဲကျေးရွာဘက်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖယ်ခုံ PDF တာဝန်ရှိသူ တဦးက ပြောပါတယ်။
“လွယ်ဝှဲရွာဘက်ကို စစ်ကြောင်းတွေအများကြီး ဆင်းလာပြီး ပင်လောင်းမြို့နယ်နဲ့ကပ်တဲ့ အရင်လျှပ်စစ်တာဝါတိုင် ဖောက်ခွဲခံရတဲ့ဘက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ။ အဲမှာ တိုက်ပွဲဖြစ်တာ။ ”
ဒီတိုက်ပွဲအတွင်း KNDF တပ်ဘက်က မိစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ကျဆုံးသွားတာတွေရှိပေမယ့် အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
ဒီတိုက်ပွဲကြောင့် လွယ်ဝှဲကျေးရွာ ဒေသခံ အားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး နေမကောင်းတဲ့ အသက် ၇၀ အရွယ်အဘွားအို တဦး ထိတ်လန့်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဒီနေ့ ဖယ်ခုံမြို့နယ် လွယ်ဝှဲရွာကိုစကစ လက်နက်ကြီး ရွာမှာကျလို့ပြေးကြတယ်။ နေမကောင်းတဲ့အဘွားကြီး တယောက်လန့်ပြီး သေတယ်။ အခုရွာထဲ သူ့အလောင်းတယောက်ပဲ ကျန်တယ်။ မြှုပ်ပေးမဲ့သူမရှိ၊ တရွာလုံးပြေးကုန်လို့။”
ကရင်နီပြည်နယ်မှာ ၆ လအတွင်း KA၊ KNDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပေါင်း ၉၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲကြောင့် အရပ်သား ပြည်သူ ၉၉ ဦး သေဆုံးပြီး၊ စစ်ကောင်စီဘက်က ၃၉၉ သေဆုံးသွားသလို KNDF/KA အဖွဲ့က သေဆုံးသူ ၃၀ ဦးရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။