မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဖမ်းဆီးထားတဲ့ အိုးဘိုထောင် အချုပ်ခန်းမှာ မိုးမလုံတာကြောင့် မိုးစိုပြီး ဒေါက်တာဇော်မြင့်မောင် ဖျားနေတယ်လို့ ရှေ့နေဆီက သိရပါတယ်။
ဒေါက်တာဇော်မြင့်မောင် အနေနဲ့ အောက်တိုဘာ ၃၁ ရက် ညပိုင်းက အဖျားကြီးပြီး အရေးပေါ်အခြေအနေဖြစ်ကာ အောက်စီဂျင်ရှူလိုက်ရတယ်လို့လည်း သူ့ရဲ့ ရှေ့နေတွေက ဆိုပါတယ်။
“ဆရာဇော်က အဖျားကြီးတဲ့အနေအထား။ အချုပ်ခန်းက မိုးမလုံဘူး။ မိုးပက်တာ၊ မိုးရေစိုပြီး ဖျားတာ။ အထူးခုံ တရားရုံးကိုတော့ လမ်းလျှောက်ပြီး အသွား အပြန်လုပ်ရတာ လမ်းတော့ လျှောက်နိုင်တယ်” လို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ / ၃၀ (က)၊ အဂတိအမှုတွေနဲ့ တရားစွဲဆိုထားတာပါ။
ဒေါက်တာဇော်မြင့်မောင်ဟာ အရင်ကတည်းက သွေးကင်ဆာရောဂါ ခံစားနေရသူဖြစ်လို့ ပုံမှန် ဆေးသွင်းနေရသူ ဖြစ်ပါတယ်။