မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ စေတီလှဝင်းထဲ Mytel တာဝါတိုင်မှာရှိတဲ့ လျှပ်စစ်မီတာယူနစ်ဖတ်တဲ့ လျှပ်စစ်ဝန်ထမ်း ၂ ဦး နိုဝင်ဘာ ၂ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ၁ ဦးခြေထောက်ဖြတ်ရကာ ဒဏ်ရာပြင်းထန်ကြတယ်လို့ သိရပါတယ်။
လျှပ်စစ်ဝန်ထမ်း ၂ ဦးဟာ ကိုအောင်ဝင်းနဲ့ နေ့စားဝန်ထမ်း ကိုကျော်သူရတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ဗုံးကွဲသံကြားရပြီး အကူအညီလှမ်းတောင်းလို့သွားကြည့်တော့ လျှပ်စစ်ဝန်ထမ်းတွေ ဖြစ်နေတယ်။ ဒဏ်ရာပြင်းထန်ကြတယ်။ ကျော်သူရ ဆိုတဲ့ ဝန်ထမ်းလေးက မိုင်းနင်းမိပြီး ကျန်တယောက်ကတော့ မျက်လုံးထိသွားတယ်။ သနားပါတယ်ဗျာ” လို့ ပြောပါတယ်။
မိုင်းနင်းမိတဲ့ ကိုကျော်သူရကိုတော့ မကွေးဆေးရုံ ပို့ဆောင်လိုက်ရပြီး ခြေထောက်ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လကထဲကလည်း မကွေးတိုင်းအတွင်း မြို့နယ်အချို့က Mytel တာဝါတိုင်အနီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ မိုင်းတွေတက်နင်းမိလို့ လူနဲ့တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။