စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ အောက်တိုဘာ ၃၁ မနက်ပိုင်းက စစ်ကောင်စီတပ်ကို လမ်းပြပြုလုပ်ခဲ့တဲ့ ဒလန်လို့အမည်ထွက်နေတဲ့သားအဖ နှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရ ပါတယ်။
တန်ဆည်မြို့နယ် ချောင်းဆုံတောင်ရွာအနီးမှာ စစ်တပ်လမ်းပြ သားအဖနှစ်ဦးကို အမည်မသိ အဖွဲ့က သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် ဖခင်ဖြစ်သူက အခင်းဖြစ်ရာနေရာမှာသဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"သေနတ်နဲ့အပစ်ခံရလို့ ပွဲချင်းပြီးသေသွားတာက ဦးသိန်းလွင်ပါ။ သေနတ်နဲ့ ၅ ချက်အပစ်ခံရတာ။ သူ့သား ဖိုးဆိတ်လည်း ဒဏ်ရာပြင်းတယ်။ မန္တလေးဆေးရုံ ပို့လိုက်ပြီ။ သူတို့က စစ်တပ်ကို လမ်းပြလိုက်လုပ်ပေးနေတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လိပ်ခြံကျေးရွာ၊ ကာပေါင်းကျကျေးရွာ၊ ချောင်းဆုံရွာနဲ့ ရွာရှည်ရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ဝင်ရောက်တပ်စွဲချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ သားအဖနှစ်ဦးဟာ လမ်းပြ လုပ်ခဲ့တာဖြစ်ပါတယ်။
တန့်ဆည်မြို့နယ်က ကာပေါင်းကျရွာမှာ စစ်ကောင်စီတပ်က တပ်စွဲထားတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တာ ၁၀ ကြိမ်ထက် မနည်းရှိပြီ ဖြစ်ပါတယ်။