မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီသတင်းပေး ဒလန်လို့ နာမည်ကြီးနေသူ ပျူစောထီး တယောက် နိုဝင်ဘာ ၁ ရက် ဒီနေ့ မွန်းလွဲပိုင်းက သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သဖန်းကိုင်းကျေးရွာက ဦးဝင်းမြင့်ရဲ့သား ဘိုဟိန်းဆိုတဲ့သူဟာ နေကျော်တောင်နားမှာ ဒီနေ့လယ်ပိုင်း ၁၂ နာရီလောက်က သတ်ခံလိုက်ရတာပါ။
“သေနတ်နဲ့ တချက်တည်း ပစ်ခံရတာ။ သူက သဖန်းကိုင်း ဒလန်အကြီးစား ဖိုးခိုင်ရဲ့အနွယ် နွေဦးကုလားဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင်တယောက်ပါ။ ရွာထဲမှာ တူမီးထမ်းပြီး ဆိုင်ကယ်ပတ်မောင်းတယ်။ စစ်ကြောင်းထိုးရင်လည်း သတင်းပေးလမ်းပြ ခဏ ခဏ လုပ်တာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
သူဟာ မကြာခင်က သတ်ခံခဲ့ရတဲ့ ဒလန်လို့ နာမည်ထွက်သူ ဖိုးငွေရဲ့ တူဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဘယ်အဖွဲ့က ရှင်းလင်းသုတ်သင်တယ်ဆိုတာ မသိရသေးပါဘူး။
ဒီနေ့လယ် ၁၂ နာရီက ပစ်သတ်ခံရတာဖြစ်ပေမဲ့ ၂ နာရီအထိတော့ စစ်တပ်မလာသေးသလို အလောင်းလည်း လာမကောက်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
သဖန်းကိုင်းရွာဟာ မကြာခင်က အကြမ်းဖက်စစ်တပ်က မီးရှို့ခံခဲ့ရတဲ့ရွာဖြစ်ပြီး မတ္တရာမြို့နယ်ထဲမှာ စစ်တပ်သတင်းပေးဆိုသူတွေ မကြာခဏဆိုသလို ရှင်းလင်းပစ်ခတ်ခံနေရတာပါ။