ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့မှာ အောက်တိုဘာ ၃၁ ရက် နေ့၊ မနက်ပိုင်းကပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲမှာ ပါဝင်သူတွေကို နေ့ထွက်ခ ငွေကျပ် ၁၅၀၀၀ ပေးပြီး ခေါ်ယူတယ်လို့ သိရပါတယ်။
အဆိုပါ ထောက်ခံပွဲမှာ ပါမယ့်သူတွေကို ပွဲစီစဉ်မယ့်ရက်ထက် ၂ ရက်လောက်စောကာ ငွေပေးခေါ်ဆောင်ထားတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ထောက်ခံဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတဦးက “ပွဲထဲရောက်မှမေးကြည့်တော့ ၁၅၀၀၀ ရတဲ့သူရတယ်။ ၁၀၀၀၀ ရတဲ့သူရတယ်။ ပေးတာမညီလို့ ပွဲလည်းပြီးရော ပြဿနာတက်ကြသေးတယ်။ ပွဲကိုလာတဲ့သူတွေကလည်း မြို့ခံတွေနည်းတယ်” လို့ ပြောပါတယ်။
အဆိုပါစစ်တပ်ထောက်ခံပွဲမှာ လူအင်အား ၂၀၀ ကျော်လောက်သာရှိပြီး မြို့ခံပြည်သူ ပါဝင်မှုနည်းပါးကာ အခြားနေရာတွေက လာရောက်သူတွေ၊ အရပ်ဝတ် စစ်သားနဲ့ ရဲတွေ စတာတွေ များတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သူတို့က NUG ဘာဖြစ်တယ်။ PDF ဘာဖြစ်တယ်။ NLD ဘာဖြစ်တယ်လို့ လျှောက်အော်ပြီး သင်ထားတဲ့အတိုင်းအော်ပြီး လောကနန္ဒာဘုရား ရှေ့ကစထွက်တယ်။ သာယာဝတီခရိုင် ဘောလုံးကွင်းမှာ လက်ပံတန်း မဘသဘုန်းကြီးက စင်ပေါ်တက်ပြီး စစ်တပ်ကောင်းကြောင်း ပြောတယ်ပေါ့ဗျာ” လို့ မြို့ခံတဦးက ပြောပြပါတယ်။
အဆိုပါ ထောက်ခံပွဲအတွင်း ပါဝင်ကြတဲ့ အရပ်ဝတ်စစ်သားနဲ့ရဲသားတွေပါဝင်ကာ လက်နှက်တွေကိုဖွက်ပြီးယူဆောင်လာကြတာ တွေ့ရပြီး အရပ်ဝတ်၊ ယူနီဖောင်းဝတ် စစ်သား၊ ရဲနဲံ ပျူစောထီအဖွဲ့ဝင်တွေကလည်း မြို့ပေါ်ကလမ်းဆုံတွေမှာ လုံခြုံရေးယူထားတာတွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ပံတန်းမြို့မှာ အောက်တိုဘာ ၃၁ ရက်နေ့ည ၈ နာရီဝန်းကျင်က မြို့နယ်ပြည်ခိုင်ဖြိုးရုံး၊ မြို့နယ်ပညာရေးမှူးရုံး၊ ငါးမွေးမြူရေးရုံးတွေရှိတဲ့လမ်းထဲမှာ ဗုံး ၁ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးတဲ့အပြင် ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ကြောင်း ထုတ်ပြန်ထားတာလည်းမရှိသေးပါဘူး။