စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဇရစ်ရွာနဲ့ကုတို့ ကိုင်းရွာကြားမှာ အောက်တိုဘာ ၂၉ ရက် ညနေ ၆ နာရီလောက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မုံရွာဘက်ကထွက်လာတဲ့ ကား ၂ စီးနဲ့ ရိက္ခာတင်ကား ၅ စီးကို အရာတော်တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးတွေနဲ့ ၃ နေရာခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ARA အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် နောင်ကြီးအိုင်ကနေ ဘုတလင်ဘက်ကို သာစည်လမ်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကား ၂ စီးကိုလည်း ည ၈ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ARA တာဝန်ရှိသူ ဗိုလ်ဘအိုက ပြောပါတယ်။
“ကားကိုမဟုတ်ဘဲ လူကို အဓိကထိစေတဲ့ နောက်ပွင့်လက်နက်ကြီး ၁၄ လက်အပြင် ဆွဲမိုင်းတွေနဲ့ ချုံခိုတိုက်ခိုက်ခဲ့တာပါ။ ယာဉ်တန်းစစ်ကား ၉ စီးမှာ ၃ စီးလောက်က လူအပြည့်ပါတယ်။ ကျန်ကားတွေက ရိက္ခာပစ္စည်းတွေနဲ့ လူကြဲတယ်။ ARA ဗိုလ်ရောင်နီအဖွဲ့နဲ့ ဂျီဇက်ညီနောင်အဖွဲ့တွေ သုံးဆိုင်းခွဲပြီး ဆော်လိုက်တာပါ။ ထိသွားတော့ ဒီကောင်တွေ ပြန်ပစ်တာ ဆက်တိုက်ပဲ။”
မုံရွာ-ရွှေဘိုလမ်းအတိုင်း ဝက်လက်ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီရဲ့ကား ၉ စီးပါ စစ်ယာဉ်တန်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) ဗိုလ်ရောင်နီ တပ်ဖွဲ့နဲ့ ဂျီဇက်ညီနောင်များအဖွဲ့တို့က ဦးဆောင်တိုက်ခိုက်ခဲ့တာပါ။
နောင်ကြီးအိုင်ကနေ ဘုတလင်ဘက်ကို သာစည်လမ်းအတိုင်းထွက်ခွာလာတဲ့ စစ်ကားလေး ၂ စီးကိုတော့ ဗိုလ်နှင်းမောင် ဦးဆောင်တဲ့အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပြီး အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးပေမဲ့ တော်လှန်ရေးရဲဘော်တွေအားလုံးကတော့ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။