ပဲခူးတိုင်း၊ ရွှေတောင်မြို့၊ မင်းဘူးတန်းလမ်း၊ ကြာနီကန်ရပ်ကွက်မှာရှိတဲ့ မြို့နယ်စည်ပင်သာယာရေးရုံး၊ ကားပါကင်မှာ အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၃ နာရီခွဲဝန်းကျင် ဗုံးဖောက်ခွဲခဲ့တယ်လို့ ရွှေတောင်ပြောက်ကျားစစ်သည်တော်များအဖွဲ့ရဲ့ အောက်တိုဘာ ၂၉ ရက်နေ့ ထုတ်ပြန်ပါတယ်။
ရွှေတောင်ပြောက်ကျားစစ်သည်တော်များအဖွဲ့ရဲ့ တာဝန်ခံက “ရဲဘော်တွေရဲ့လုံခြုံရေးအတွက် နောက်ကျမှ သတင်းထုတ်ပြန်ရတာပါ။ အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်ငွေပေါက်နေရာတွေကို နောက်ဆုံးသတိပေးလိုက်တာပါ” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲတာဟာ စည်ပင်ရုံးထဲက ကားပါကင်မှာ ပေါက်ကွဲခဲ့တာကြောင့် မော်တော်ယာဉ်အချို့ အနည်းငယ်ထိခိုက်မှုရှိတယ်လို့ စည်ပင်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒေသခံတဦးက “မနက်အစောကြီးဆိုတော့ မြို့ပေါ်က မသိလိုက်ကြတာ။ အသံကလည်းသိပ်မကျယ်ဘူးဗျ။ စည်ပင်ဝန်ထမ်းတွေတောင် မနက်ပိုင်းရုံးရောက်မှသိကြတာ။ တချို့ဆိုမသိကြဘူး။ သတင်းကိုလည်း အမှောင်ချထားတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက ရွှေတောင်စည်ပင်ရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။
ရွှေတောင်ပြောက်ကျားစစ်သည်တော်များအဖွဲ့ဟာ ပြည်သူတွေဆီကနေ လျှပ်စစ်မီတာခကောက်ခံနေတဲ့ မြို့နယ်လျှပ်စစ်ရုံးကို ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ဗုံးဖောက်ခွဲသတိပေးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ပဲခူးတိုင်း၊ ပြည်မြို့နယ်ထဲက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၄ ဦး အောက်တိုဘာ ၂၉ ရက်နေ့က နုတ်ထွက်စာတင်သွားကြတယ်လို့ ပြည်မြို့၊ မြို့နယ်ထွေအုပ်ရုံးဝန်ထမ်းတဦးက ပြောပါတယ်။
“ပေါက်နွယ်ခြုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဆင့်၊ တလုပ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲမြင့်၊ တဲကြီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဝင်း၊ ပနီပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် တို့ ၄ ဦး နုတ်ထွက်စာတင်သွားကြတာပါ” လို့ အတည်ပြုပြောပါတယ်။
နုတ်ထွက်စာတင်သွားကြတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ကျန်းမာရေးကြောင့် အုပ်ချုပ်ရေးမှူး တာဝန်မယူနိုင်တော့လို့ဆိုပြီး နုတ်ထွက်စာတင်သွားတယ်လို့ ဆိုပါတယ်။
အသေးစိတ်သိရှိနိုင်ဖို့ နုတ်ထွက်စာတင်သွားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဒီဗွီဘီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
အခုရက်ပိုင်း ပြည်မြို့နယ်အတွင်းမှာ ဗုံးပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာပြီး အုပ်ချုပ်ရေးမှူး ၁ ဦးလည်း ပစ်သတ်ခံထားရတာကြောင့် အခုလို နုတ်ထွက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာလည်း ပြည်မြို့နယ်ထဲက လွှစင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးစိုး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။