မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အောက်တိုဘာ ၂၈ ရက် ညနေ ၆ နာရီကျော်လောက်က လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဒီလို ပေါက်ကွဲမှုဖြစ်တဲ့အတွက် အုတ်တံတိုင်းပွင့်သွားပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ ရပ်ကွက်တွေ ပြည်သူတချို့ က ပြောပါတယ်။
“အုပ်ချုပ်ရေးမှူးရုံးက ဆောက်လက်စရှိသေးတယ်။ အခုမှ သံပင်တွေထောင်နေတုန်း။ မနေ့က ညနေလောက်က ဗုံးနဲ့ ပစ်ခံရပြီး ပေါက်ကွဲတာ။ အရှေ့အုပ်တံတိုင်း စည်းရိုးပွင့်သွားပြီး အစအနတွေ လမ်းပေါ်စင်တယ်။ လူတော့ အထိအခိုက်မရှိဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ မေ ၁ ရက်နေ့က မီးလောင်ပျက်စီးခဲ့တာကြောင့် အသစ်ပြန်လည်ဆောက်လုပ်နေတာဖြစ်ပါတယ်။
ဒီလို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအသစ်ဆောက်တာနဲ့ ပတ်သက်လို့ ရပ်တန့်ပေးဖို့ GZP ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပြီး စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ဗုံးခွဲအသိပေးခဲ့ပါတယ်။