Home
မြန်မာသတင်း
တရုတ်ဘက်ပိတ်မိ မြန်မာကုန်တင်ကားများ၏ ယာဉ်မောင်းမိသားစုများ စားဝတ်နေရေးခက်ခဲ
DVB
·
October 28, 2021
248723333_553044529076878_3845563641074234705_n
247659200_553044665743531_8929221117275167781_n
247130362_553044575743540_2569891095601507839_n
246669931_553044439076887_7939121283240988712_n
246461748_553044345743563_1713475850681947471_n

တရုတ်ဘက်မှာ ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားတွေရဲ့ ယာဉ်မောင်း မိသားစုတွေ စားဝတ်နေရေး အခက်အခဲ ကြုံနေကြတယ်လို့ သိရပါတယ်။

လက်ရှိ ဝမ်တိန်အထွက် ကျင်စန်းကျော့မှာ ကားအထွက်ကို စောင့်ဆိုင်းနေရတဲ့ မြန်မာကုန်တင်ယာဉ်မောင်း ကိုစိုင်းခေးက "ကျနော်က ယာဥ်မောင်းတစ်ယောက်ဆိုတော့ ကိုယ့်မိသားစု စားဝတ်နေရေးက ရှိသေးတယ်လေ။ မိသားစု စားဝတ်နေရေးအတွက် တော်တော် အခက်အခဲဖြစ်နေပါတယ်။" လို့ ပြောပါတယ်။

ကားက တရုတ်ဘက်ထဲ ပိတ်မိနေတော့ ကားကိုလည်း စိတ်ပူရတဲ့အပြင် ယာဉ်မောင်းတွေအနေနဲ့ ၆ လတာအချိန်ကာလမှာ ဝင်ငွေ ၁ ပြား ၁ ကျပ်မှ မရှိဘဲ အဲဒီကားတစီးကိုပဲ စောင့်ဆိုင်းနေရကာ တခြား အလုပ်လုပ်ဖို့လည်း အဆင်မပြေကြဘူးလို့ ဆိုပါတယ်။

မေလ ၂၁ ရက်နေ့က မန္တလေးကနေ ကျင်စန်းကျော့ကို တက်သွားပြီးနောက် ဇွန်လ ၂၉ ရက်နေ့ ကားက တရုတ်နိုင်ငံထဲ ကုန်တင်ပြီး ထွက်ခါနီး ဇူလိုင် ၆ ရက်နေ့ကတည်းက လက်ရှိထိ ပိတ်မိနေတာလို့ မြန်မာကုန်တင် ယာဉ်မောင်း နောက် ၁ ဦးက ပြောပါတယ်။

"ကားက ပိတ်မိနေတာလည်း နည်းနည်းနော်နော် အကြာ မဟုတ်တော့ဘူးလေဗျ။ ၆ လ လောက်ရှိနေပြီဗျ။ အခက်ခဲတော့ အများကြီးပေါ့။"

တရုတ်ထဲ ကာလကြာရှည် ကုန်တင်ပြီး  ပိတ်မိနေတဲ့ ကားတွေ ထိခိုက်ပျက်စီးမှုအတွက်လည်း စိုးရိမ်ပူပန်နေကြရတယ်လို့ ဆိုပါတယ်။

ကုန်တင်ယာဉ်မောင်းတစ်ဦးက “ဟိုဘက်မှာ ပိတ်မိနေတဲ့ ကားတွေတော့ များသေးတယ်။ ကျနော် သိသလောက် ၂၀၀ လောက်ရှိအုန်းမယ်ဗျ။ ကုန်စုံတွေပဲပိတ်မိနေတာပါ။ အဝင်ကားတွေကတော့။ ကြာကြာထားလို့ရတဲ့ ဟာတွေပေါ့။ ကုန်ခြောက်တွေ၊ အထည်အလိပ်၊ လျှပ်စစ်ပစ္စည်း အဲလိုပေါ့။ ကျွန်တော့်ကားက မိုးကာလိပ်တင်ထားတာပါဗျ။"

တရုတ်ဘက်ထဲ ပိတ်မိနေတဲ့ မြန်မာကုန်တင်ယာဉ်တွေကို ထွက်ခွင့်ရဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ အမြန်ဆုံး ညှိနှိုင်းစေလိုတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဘက်က COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို အကြောင်းပြပြီး မြန်မာနဲ့ တရုတ်နိုင်ငံ ထိစပ်နေတဲ့ ကုန်သွယ်ရေး ဂိတ်ပေါက်တွေဖြစ်တဲ့ မန့်ဝိန်းဂိတ်ကို ဧပြီလဆန်းပိုင်းက ပိတ်ခဲ့ပြီး ကျင်စန်းကျော့နဲ့ ကြူကုတ် (ပန်ဆိုင်း) ဂိတ်ကို ဇူလိုက် ၈ ရက်နေ့ကစ ရက်အကန့်အသတ်ပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ လင်ချန်းခရိုင်နဲ့ထိစပ်နေတဲ့ ချင်းရွှေဟော်ဂိတ်ကိုတော့ အောက်တိုဘာ ၆ ရက်နေ့ကစ ပိတ်ခဲ့ကာ ကျန်းမာရေး ဆေးဝါးပစ္စည်းကလွဲလို့ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024