မန္တလေးတိုင်း၊ ပုဂံညောင်ဦးမြို့နယ်၊ တောင်ရှေ့ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင် အောက်တိုဘာ ၂၇ ရက်နေ့ည ၉ နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတဦးက “စက်ခန်းတွေ မီးလောင်နေတာလှမ်းမြင်လိုက်ရတယ်။ မီးရှို့ခံရတာလား။ သူတို့စစ်သားတွေထောင်ထားတဲ့ မိုင်းကွဲပြီး မီးလောင်တာလားမသိတာရယ်၊ မှောင်နေတာရယ်ကြောင့် သွားမကြည့်ရဲကြဘူး” လို့ ပြောပါတယ်။
အဆိုပါ Mytel တာဝါတိုင်ကို ပုဂံညောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ကြေညာထားပါတယ်။
ပုဂံညောင်ဦး PDF ရဲ့ တာဝန်ရှိသူက “တောင်ရှေ့ရွာက Mytel တိုင်မီးရှို့ဖျက်ဆီးခဲ့တာ မှန်ပါတယ်။ အကြမ်းဖက်စစ်တပ်အမြစ်ပြန်တဲ့အထိ အရှိန်မြှင့်လုပ်ဆောင်သွားမှာပါ။ ပြည်သူတွေအနေနဲ့လည်း ကျနော်တို့နဲ့ ပူးပေါင်းပါဝင်ပေးကြပါလို့ ပန်ကြားလိုပါတယ်” လို့ အတည်ပြုပြောပြပါတယ်။
နိုင်ငံနဲ့အဝှမ်းရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင် ၁၆၀ နီးပါး ဖျက်ဆီးခံထားရပြီးဖြစ်တယ်လို့ မှတ်တမ်းပြုစုထားသူတွေဆီက သိရပါတယ်။