မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုကို မိုင်းထောင်ရင်း မတော်တဆ မိုင်းပေါက်ကွဲကာ ဆော PDF တပ်ဖွဲ့ဝင် ၂ ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်လို့ သိရပါတယ်။
ဆောမြို့နယ်အတွင်းကို အကြမ်းဖက်စစ်အုပ်စုတွေ အောက်ဘာ ၂၅ ရက်နေ့မှာ စစ်ကြောင်းထိုးမယ်လို့ သတင်းရတာကြောင့် ဆော-ကျောက်ထု လမ်းပိုင်းမှာ မနေ့က မနက် ၉ နာရီခွဲလောက်မှာ တိုက်မိုင်း၊ ဆွဲမိုင်းသွားထောင်ရင်း ဆော PDF တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့ရတာလို့ ဆောPDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့တာတော့ မရှိဘူးလို့ ဆိုပါတယ်။
ဆောမြို့နယ်မှာ အောက်တိုဘာလအတွင်း ဆော PDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက်သေဆုံး၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားလုယူတာကြောင့် တော်လှန်ရေး တိုက်ပွဲတွေ ဖြစ်ပွားတဲ့ကာလအတွင်းမှာ ဆောPDF တပ်ဖွဲ့ဘက်က နိုင်ငံတော်အတွက် အသက်ပေးလှူလိုက်ရတဲ့ တပ်ဖွဲဝင် ၄ ယောက်ရှိတယ်လို့ ဆိုပါတယ်။
ဆော PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ PDF ရဲဘော်တွေ ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့ပြီး ရဲဘော်တွေရဲ့ အမည်၊ အသက်နဲ့ နေရပ်တွေကိုတော့ မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ ပြန်လည်ဖြေကြားခွင့် မရှိဘူးလို့ ဆိုပါတယ်။
တော်လှန်ရေးကာလအတွင်းမှာ မိုးရာသီဖြစ်တာကြောင့် ရာသီဥတု ဆိုးရွားတဲ့ဒဏ်တွေကို ခံရပြီးတော့ စစ်လက်နက်၊ ပစ္စည်းတွေ ပြည့်စုံမှုမရှိတာကြောင့် အခဲများစွာရှိပေမယ့် ဘယ်လောက်ဘဲ အခက်ခဲတွေ၊ ရာသီဥတုတွေဆိုးရွားပါစေ အာဏာရှင်ပြုတ်ကျရေးအတွက် မဟာမိတ်တွေနဲ့ပူးပေါင်းပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
အကြမ်းဖက် အာဏာရူးစစ်ကောင်စီကို တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ဆော PDF ရဲဘော် ၂ ယောက်အတွက် အမိန့်ပြန်တမ်းနဲ့ ဂုဏ်ပြုအောင့်မေ့စကားတွေကို ဆော PDF တပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပြီး မိသားစုဝင်တွေကိုလည်း ဆော PDF တပ်ဖွဲ့က ထောက်ပံ့ငွေတွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။