စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်က ဒေသခံပြည်သူကာကွယ်ရေး ပူပေါင်းမဟာမိတ်တပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကျနော်တို့ မြောင်မြို့နယ် ကျေးရွာတိုင်းလိုလို ရှာဖွေတာတွေ၊ ဖျက်ဆီးတာတွေ နေ့တိုင်း လုပ်နေတာကြောင့်ရယ်၊ အပြစ်မဲ့ရွာသားတွေကို ဖမ်းဆီးပြီး ငွေတောင်းတာတွေ လုပ်နေတာကြောင့် အခုလို တိုက်ခိုက်ရတယ်ဗျ။ စစ်ကောင်စီဘက်ကတော့ ၂ ဦး သေဆုံးမယ်၊ ၄ ဦးထက်မနည်း ဒဏ်ရာရနိုင်မယ်ဗျ။ ကျနော်တို့ဘက်ကတော့ လည်ပင်းကို ရှပ်ထိဒဏ်ရာ ရသူတစ်ဦးရှိမယ်ပေါ့။ အသက်အန္တရာယ်အတွက်တော့ မစိုးရိမ်ရဘူးလို့ မြောင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ကိုတိုက်ဂါးက DVB ကို အတည်ပြုပြောဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း အင်အား ၁၅၀ လောက်နဲ့ နနွင်းကျေးရွာကို အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးနေတာကြောင့် ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ကြက်ခြံတွေကို မီးရှို့ခဲတယ်လို့ မြောင်ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ရွှေစာရေးကျေးရွာမှာ စစ်ကောင်စီတပ်က အောက်တိုဘာ ၂၃ ညနေပိုင်း ချင်းတွင်းမြစ်ရေကြောင်းကနေ ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ဖမ်းဆီးသွားသူ ၄ ဦးထဲက ၁ ဦးပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့နယ် သစ်တောစခန်းက သစ်တွေကို ဒေသခံ PDF က ယူဆောင်တယ်ဆိုပြီး တာဝန်ကျ တောခေါင်းနဲ့တောအုပ်က စစ်တပ်ကို တိုင်ကြားတာကြောင့် ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ပြန်မလွတ်လာတဲ့သူဟာ စစ်ကောင်စီက သတ်ပစ် အလောင်းဖျောက်လိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဖမ်းဆီးခံရတဲ့သူ လေးယောက်ထဲက တစ်ယောက် ခြေသလုံးကျည်ထိမှန်နဲ့ ပြန်လွှတ်လိုက်တယ်ဗျ။ ကျန်နှစ်ယောက်ကတော့ အထိုးအကြိတ်ခံရပြီး ပြန်လွတ်လာတယ်ပေါ့။ နောက်တစ်ဦးကတော့ သေဆုံးတယ် ထင်တယ်ဗျ။ အခုအထိ မတွေ့ရသေးဘူး။ သေဆုံးအလောင်းလည်းမတွေ့ရဘူး။ တကယ်လို့ သေဆုံးတယ်ဆိုရင် စစ်ကောင်စီက အလောင်းဖျောက်လိုက်တာပဲ ပြောရမယ်” လို့ ပြောပါတယ်။
ရွှေစာရေးကျေးရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာအတွင်းက နေအိမ်တွေကိုလည်း ဖျက်ဆီးပြီး တန်ကြေးရှိပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။