စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာကို အောက်တိုဘာ ၂၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ် အင်အား ၅၀ လောက် မွှေနှောက်ရှာဖွေစစ်ဆေးပြီး နေအိမ်အချို့ကို မီးရှို့ ဖျက်ဆီးပြီး နွားတစ်ကောင်ကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ သိရပါတယ်။
ရွာခံတစ်ဦးက “စစ်တပ်ကအင်အား ၅၀ ကျော်လောက်တော့ရှိမယ်။ ရွာနီးချုပ်စပ်တောတွေထဲရော ရွာထဲရော မွှေနှောက်ရှာဖွေနေတာ၊ တောထဲတွေ့တဲ့ နွားတစ်ကောင်ကိုလည်း ပစ်သတ်သွားတယ်။ ယာစောင့်တဲတစ်လုံးကို မီးရှို့ထားခဲ့ပြီး ရွာထဲက နေအိမ်နှစ်လုံးကိုလည်း ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကစပြီး အရာတော်မြို့နယ်အတွင်းက ကျေးရွာ ၁၅ ရွာလောက်အား PDF တွေကို ထောက်ပံ့နေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ရွာအားလုံးရွှေ့ပြောင်းပစ်မယ်လို့ ခြိမ်းခြောက်ထားသလို စီးနင်းဝင်ရောက် ဖျက်ဆီးမီးရှို့တာတွေလည်း ပြုလုပ်နေတာဖြစ်ပါတယ်။