မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာအတွင်း အောက်တိုဘာ ၂၄ ရက် မနက် ၉ နာရီကျော်က စတင်ပြီး တခန်းဝင် တခန်းထွက် စစ်ဆေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်သားအင်အား အလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေစစ်ဆေးနေပြီး အပြင်မထွက်ဖို့နဲ့ အဝင်အထွက်တွေကိုလည်း ပိတ်ဆို့စစ်ဆေးနေတာလို့ ဆိုပါတယ်။
မြရည်နန္ဒာအိမ်ရာမှာ နေသူတစ်ဦးက “မနေ့က အိမ်ရာထိပ် ဘောလုံးကွင်းနားမှာ ပေါက်ကွဲမှုဖြစ်တော့ သူတို့လူတွေ ထိတယ်။ အဲဒါကြောင့်လား မသိဘူး၊ ဒီနေ့ တစ်ခန်းဝင် တစ်ခန်းထွက် အကုန်စစ်နေတာ” လို့ ပြောပါတယ်။
ဒါ့အပြင် လမ်းတွေလည်း ပိတ်ထားပြီး စစ်ဆေးတာတွေ လုပ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၉ လမ်း၊ ၁၁၇ လမ်းနဲ့ ၁၁၈ လမ်းကြားရှိ မြရည်နန္ဒာအားကစားကွင်းအတွင်း စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဝင်ပေါက်နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။