မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၄၉ လမ်း၊ ၁၁၇ လမ်းနဲ့ ၁၁၈ လမ်းကြားရှိ မြရည်နန္ဒာ အားကစားကွင်း ဝင်ပေါက် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာမှာ အောက်တိုဘာ ၂၃ ရက် မနက် ၁၀ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပါတယ်။
ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးကို တင်ပို့လိုက်ရတယ်လို့ သိရပါတယ်။
အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက “မနက်အစောပိုင်းက တစ်ကြိမ်ပေါက်သံ ကြားတယ်။ နောက်ထပ် မနက် ဆယ်နာရီခွဲလောက်မှာ တစ်ကြိမ် ထပ်ပေါက်တယ်။ ဒဏ်ရာရတဲ့သူတွေ ရှိတယ်ထင်တယ်။ လူနာတင်ကားတွေ ရောက်လာတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် တပ်ကြပ် နေဝင်းဦးမှာ စိုးရိမ်ရတဲ့ ခန္ဓာကိုယ်ဝဲဘက်ခြမ်းစုတ်ပြဲဒဏ်ရာ၊ တပ်ကြပ်စန်းလွင်မှာ စိုးရိမ်ရတဲ့ ရင်ညွန့်တည့်တည့် ဖောက်ဝင်ဒဏ်ရာနဲ့ မျက်နှာ၊ ပခုံးပွန်းပဲ့ဒဏ်ရာ၊ တပ်သားသူရအောင်မှာ စိုးရိမ်ရတဲ့ တင်ပါးဆုံ၊ ပေါင်တခြမ်း စုတ်ပြတ်ဒဏ်ရာတွေ အသီးသီး ရရှိခဲ့တယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။